DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် အီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခိုင်း
DVB
·
February 20, 2024
ဟင်္သာတတွင် အီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်မှာ စစ်ကောင်စီလက်အောက်ခံ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြည်သူတွေကို ဖိအားပေး ခေါ်ယူကာ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နဲ့ လက်တွေ့စမ်းသပ် မဲပေးခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဟင်္သာတခရိုင်ထဲက မြို့နယ်တွေမှာ ဖေဖော်ဝါရီလ ပထမအပတ်ကစတင်ပြီး ဟင်္သာတခရိုင် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးတို့က ဦးဆောင်ပြီး ရွေးကောက်ပွဲ ပြုလုပ်တော့မှာဖြစ်လို့ ပြည်သူတွေ စနစ်တကျ မဲပေးနိုင်စေဖို့ဆိုကာ မြန်မာအီလက်ထရောနစ်မဲပေးစက်နဲ့ မဲပေးနည်းစနစ်တွေကို ဒေသခံ အရပ်သားတွေနဲ့ သူတို့ဝန်ထမ်းတွေကို ခေါ်ယူစမ်းသပ် မဲပေးခိုင်းနေတာဖြစ်ပါတယ်။

ဟင်္သာတမြို့နယ်က ဝန်ထမ်းတယောက်က “ရွေးကောက်ပွဲလုပ်မှာမို့ မဲပေးနည်းစနစ် သိရှိ နားလည်သဘောပေါက်စေဖို့ဆိုပြီး မဲတွေခေါ်ပေးခိုင်းတာပဲ။ စကစ လုပ်မယ့် ရွေးကောက်ပွဲမှာက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) မဲပေးစက်နဲ့ မဲပေးရမှာပေ့ါ။ နောက်ပြီး ရွေးကောက်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်တွေ၊ တိကျမြန်ဆန်မှုရှိတဲ့ မဲပေးစနစ်ဆိုပြီး ပြောတယ်။ ဘယ်နေ့ မဲပေးမယ်ဆိုတာ မပြောဘူး။ မဲပေးဖို့ကတော့ ခပ်စိတ်စိတ် ဒီရက်ထဲ လုပ်လာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ရွေးကောက်ပွဲအတွက်ဆိုကာ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နဲ့ စမ်းသပ်မဲပေး သရုပ်ပြတာတွေကို လာရောက်လေ့လာ စမ်းသပ်ပေးနိုင်ဖို့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးအဖွဲ့တွေက အရပ်သားတွေကို ဖိအားပေး ခေါ်ယူ လာရောက်လေ့လာ စမ်းသပ် မဲပေးခိုင်းနေတာဖြစ်ပြီး မတက်ရောက်တဲ့ ဒေသခံတွေဟာ ဥပဒေကို ဆန့်ကျင်တာဖြစ်လို့ ဖမ်းဆီးခံရမယ်လို့ ခြိမ်းခြောက်ခံနေရကြောင်း သိရပါတယ်။

ဟင်္သာတမြို့ခံတယောက်က “ကြောက်လို့သွားကြတဲ့သူတွေ ရှိပါတယ်။ ကျေးရွာနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက လူစုပြီး ဟင်္သာတမြို့ပေါ်ကို ခေါ်သွားရတာ။ အရပ်သားတွေကို လိုက်ကြည့်၊ မလေ့လာရင် သူတို့က နိုင်ငံတော်ဆန့်ကျင်တယ်ဆိုပြီး ဖမ်းမယ်လို့ပြောတာကို။ စကစ ကလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်လည်း မပြုဘူး၊ စိတ်လည်း မဝင်စားဘူး၊ ယုံစရာလည်းမရှိဘူး။ ဒါ့ကြောင့်လည်း မသွားတဲ့သူတွေ များတယ်။ သွားတဲ့သူတွေက ကြောက်လို့သွားရတာ” လို့ ပြောပါတယ်။

အဲ့ဒီလို လက်တွေ့စမ်းသပ်မဲပေးတာကို ကြံ့ခိုင်ရေးပါတီရဲ့ ပါတီဝင်တွေအပြင် စစ်တပ်ထောက်ခံသူတွေ၊ ထွေအုပ်၊ စည်ပင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်း၊ သဘာဝဘေးစီမံ စတဲ့ ဝန်ထမ်းတွေသာ အများဆုံးပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထွေအုပ်နဲ့ ရဲတပ်ဖွဲ့က လေ့လာစမ်းသပ်မဲပေးဖို့ ခေါ်တာကို မလာတဲ့ အရပ်သားတွေရဲ့ စာရင်းတွေကို ပြုစုထားပြီး အရေးယူမယ်လို့ ပြောဆိုနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013