DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပြောင်း စျေးကောင်းမရ၊ မူဝါဒအသစ်ကြောင့် ပြောင်းကုန်သည်များ အရှုံးပေါ်နိုင်
DVB
·
February 20, 2024
မြန်မာ့ပြောင်း စျေးကောင်းမရ၊ မူဝါဒအသစ်ကြောင့် ပြောင်းကုန်သည်များ အရှုံးပေါ်နိုင်
Donate to DVB

အခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစတင်ပြီး ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာ့ပြောင်ဆန်တွေကို တင်ပို့နေပေမယ့် ဈေးကောင်းမရရှိသေးဘူးလို့ ပြောင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

ကမ္ဘာ့စျေးကွက်အေးနေတဲ့ ကာလဖြစ်တဲ့အတွက် ပြည်တွင်းဈေးကွက်ထဲမှာတောင် ပြောင်းဈေးနှုန်းက ယခင်ထက် ဈေးအနည်းငယ်ကျဆင်းသွားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းရဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

ပြည်ပတင်ပို့မှုနည်းပါးတဲ့ ဇန်နဝါရီလမှာ ပြောင်းဆန်တပိဿာ ၁,၂၀၀ ကျပ် ဈေးရှိခဲ့ရာက အခုဖေဖော်ဝါရီ တတိယပတ်မှာ တပိဿာကို ၁,၁၂၀ ကျပ်အထိ ကျဆင်းသွားကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်စာရင်းများအရ သိရပါတယ်။

ထိုင်းနိုင်ငံဘက်ကလည်း ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး မြန်မာ့ပြောင်းဆန်ဝယ်ယူမှုကို တပိဿာ ၂၄ ကျပ်နှုန်းနဲ့ ပြောင်းဆန်တအိတ်ကို ၇၅၀ ကျပ်အထိ စျေးချဝယ်ယူလိုက်တယ်လို့ တာချီလိတ်အခြေစိုက် ပြောင်းကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းပြောင်းဈေးနှုန်းတွေအနေနဲ့ ရန်ကုန်မှာ တပိဿာ ၁၁၂၀ မှ ၁၁၄၀ ကျပ်၊ မန္တလေးမှာ ၁၀၃၀ မှ ၁၀၆၀ ကျပ်၊ တောင်ကြီးစျေး ၉၅၀ မှ ၉၈၀ ကျပ် ဖြစ်ကြောင်း၊ လားရှိုးစျေး ၇၇၀ မှ ၈၂၀ ကျပ်ပေါက်စျေးရှိနေပြီး လတ်တလောအနေနဲ့ စျေးတက်နိုင်ခြေမရှိသေးဘူးလို့ ကုန်စည်ဒိုင်တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြောင်းဆန်တင်ပို့နေပြီး ထိုင်းစျေးကွက်အတွက် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တင်ပို့ဖို့ ပြင်ဆင်နေပေမဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အဆိုပါဒေသက စိုက်ပျိုးထားတဲ့ ပြောင်းအနည်းငယ်ကိုသာ တင်ပို့နေကြပါတယ်။

ဒါ့အပြင် ပြည်တွင်းက စိုက်ပျိုးထွက်ရှိတဲ့ မြန်မာ့ပြောင်းရဲ့ ၆၅ ရာခိုင်နှုန်းကို ထိုင်းကိုတင်ပို့မှာဖြစ်ပြီး ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နဲ့ အာဖရိကနိုင်ငံတွေကို တင်ပို့မယ်လို့ စီးပွားကူးသန်းအချက်လက်တွေအရ သိရပါတယ်။

နှစ်စဉ်ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ တန်ချိန် ၂ သန်းခန့် တင်ပို့နေကြောင်း၊ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ လက်ရှိအချိန်ထိ ပြည်ပကို ပြောင်းတန်ချိန် ၁ သန်းခွဲကျော် တင်ပို့ပြီးဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ပင်လယ်ရေကြောင်းကနေ ပြောင်းတန်ချိန် ၂.၅ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ စီးပွားကူးသန်းရဲ့စာရင်းတွေအရ သိရပါတယ်။

ဆန်၊ ပဲ၊ ပြောင်းဆန်၊ ရာဘာ ပို့ကုန်ရငွေ မူဝါဒကို (၁၃.၀၇.၂၀၂၃ မှ ၅.၁၂.၂၀၂၃) အထိ ၅၀/၅၀ မူဝါဒ၊ (၆.၁၂.၂၀၂၃ မှ ၁၉.၁၂.၂၀၂၃) အထိ ၆၅/၃၅ မူဝါဒ၊ (၂၀.၁၂.၂၀၂၃ မှ ၁၃.၂.၂၀၂၄) အထိ စက်သုံးဆီ/ စားသုံးဆီ Importer တွေကို ရောင်းချပေးပါက ၇၀/၃၀ မူဝါဒ နဲ့ ၁၄.၂.၂၀၂၄ မှစပြီး မိမိတို့ကိုယ်တိုင် စက်သုံးဆီ/ စားသုံးဆီတွေကို Import မသွင်းဘဲ Importer ကုမ္ပဏီတွေကို ပြန်လည်ရောင်းချပါက ၇၀/၃၀ မရရှိတော့ဘဲ ၆၅/၃၅ မူဝါဒနဲ့သာ ပြန်လည်ရရှိနိုင်မယ်ဆိုပြီး သတ်မှတ်ထားတာကြောင့် ပို့ကုန်ကုမ္ပဏီတွေဟာ ၇ လ အတွင်း မူဝါဒ ၄ ကြိမ်တိတိ အပြောင်းအလဲကို ရင်ဆိုင်ခဲ့ရပါတယ်။

တည်ငြိမ်မှုမရှိတဲ့ အဆိုပါ မူဝါဒကြောင့် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေတဲ့ ပြောင်းကုမ္ပဏီတွေ ဆုံးရှုံးမှုကြီးစွာ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းဝင် ကုမ္ပဏီတွေဟာ ၂၀၂၄ ဖေဖော်ဝါရီမှာ ၁၄၆,၆၅၀ တန်နဲ့ မတ်လအတွင်း ၁၅၉,၉၅၀ တန်၊ စုစုပေါင်း တန်ချိန် ၃၀၆,၆၀၀ (ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၇၀.၅၁ သန်းကျော်) ကို ယခင်မူဝါဒအရ ၇၀/၃၀ ငွေလဲနှုန်းနဲ့ အမေရိကန် တဒေါ်လာကို ကျပ်ငွေ ၃၂၇၀ မှ ၃၂၈၀ နှုန်းနဲ့ တွက်ချက်ပြီး စာချုပ်ချုပ်ဆို ရောင်းချထားတယ်လို့ ပြောင်းလုပ်ငန်းအသင်းဆီက သိရပါတယ်။

အခု ၆၅/၃၅ မူဝါဒအရ ရောင်းချထားပြီးသော ငွေတွေပြန်လည်ဝင်ရောက်လာပါက အမေရိကန် တဒေါ်လာကို ကျပ် ၃၀၀၀ အောက်သာ ရရှိမှာ ဖြစ်တာကြောင့် ပို့ကုန်ကုမ္ပဏီတွေက တဒေါ်လာကို ပျှမ်းမျှ ၂၇၅ ကျပ်၊ တတန်ကို ကျပ်ငွေ ၆၃,၂၅၀ အရှုံးပေါ်မှာဖြစ်ပြီး ရောင်းချထားပြီး အသင်းဝင် ပြောင်း ပို့ကုန်ကုမ္ပဏီတွေကတော့ တန်ချိန် ၃၀၆,၆၀၀ အတွက် ပျှမ်းမျှ ကျပ်ငွေ ၁၉.၃၉ ဘီလီယံ ကျော် အရှုံးပေါ်စေမယ်လို့ ပြောင်းကုန်သည်တဦးက ပြောပါတယ်။

ပြောင်းတင်ပို့တဲ့ ပို့ကုန်ကုမ္ပဏီတွေ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ပြည်တွင်းပြောင်းစျေး တပိဿာ ကျပ် ၁၀၀ ကျော် ကျဆင်းပြီး အခြေခံ စိုက်ပျိုးထုတ်လုပ်ကြတဲ့ တောင်သူတွေမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်ပင် မရရှိနိုင်တဲ့ အနေအထားကို ရောက်ရှိသွားနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013