DVB Logo
Home
မြန်မာသတင်း
ငဖဲဆည်ကြောင့် နစ်နာကြေးရလိုမှု လွှတ်တော်တင်မည်
DVB
·
September 2, 2014
ငဖဲဆည်ကြောင့် နစ်နာကြေးရလိုမှု လွှတ်တော်တင်မည်
Donate to DVB

မကွေးတိုင်း မင်းဘူးခရိုင် ငဖဲမြို့နယ်မှာ ငဖဲရေလှောင်တမံ ဆောက်လုပ်စဉ်က လယ်ယာဥယျာဉ်ခြံမြေတွေ ရေမြုပ်နစ်နာဆုံးရှုံးသူတွေ နစ်နာကြေးရအောင် လာမယ့် ပြည်သူ့လွှတ်တော်မှာ တင်ပြတောင်းဆိုသွားကြဖို့ ပြင်ဆင်နေပါတယ်။

parlimentအဲဒီ ဆည်ဆောက်တဲ့အတွက် ငဖဲမြို့နယ်တွင်း က ကျေးရွာ ၅ ရွာကို ပြောင်းရွှေ့ ခဲ့ရတာ ဖြစ်ပြီး အဲဒီတုန်းက လယ် ယာမြေ ရေနစ်မြုပ်မှုတွေနဲ့ ပတ်သက်ပြီး အခုချိန် ထိ လျော်ကြေးပေး တာတွေနဲ့ လယ်ယာမြေ လုပ်ကိုင်ခွင့်ရအောင် မဖန်တီးပေး တာတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မကွေးတိုင်း တောင်သူလယ်သမားကော်မတီရဲ့ အကူအညီနဲ့ ပြည်သူ့လွှတ်တော်မှာ တောင်းဆိုသွားကြမှာဖြစ်ပါတယ်။

ဒေသခံတွေက ကျောက်နွားသိုးဆည်အဖြစ် ခေါ်ဆိုတဲ့ ဒီ ငဖဲရေလှောင်တမံဟာ ၁၉၉၈ ခုနှစ် ဇန်န၀ါရီလမှာ ဆောက်လုပ်ပြီးစီးခဲ့တာ ဖြစ်ပြီး ဆည်စဆောက်ကတည်းက  နယ်မြေခံ ကျေးရွာသားတွေဟာ ဒုက္ခရောက်ကြရတယ်လို့ မကွေးတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

ဆည်ဧရိယာက ရွာတွေကို မင်းလွင်၊ ကျောင်းကုန်း၊ ၀င်ကမ္ဘာ၊ ပိတောက်ကုန်း၊ အိုးမြေကုန်း ကျေးရွာတွေကို ငဖဲနဲ့ မင်းဘူးသွားတဲ့လမ်းက မြေကွက်လပ်မှာ နေရာရွှေ့ပြောင်းခဲ့ပါတယ်။

အဲဒီတုန်းက ရွှေ့ပြောင်းစရိတ်အဖြစ် အိမ်အသေးကို ကျပ် ၅ ထောင်၊ အိမ်အကြီးကို ကျပ် ၁ သောင်း ပေးပြီး မပြောင်းမနေရ ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အခုချိန်ထိ ပြောင်းရွှေ့ခံရတာ နှစ် ၂၀ ကျော်ရှိပေမယ့် လယ်ယာမြေ ပြန်လည် အစားထိုးပေးတာမျိုး မရှိမှု၊ ဆုံးရှုံးတဲ့ သီးနှံကြေးနဲ့ နစ်နာကြေးတွေ မရရှိကြတာကြောင့် ပြန်လည်ရရှိလိုတဲ့အတွက် မကွေးတိုင်း အန်အယ်လ်ဒီကို တောင်သူတွေက တင်ပြခဲ့ကြတာပါ။ ငဖဲဆည်ကြောင့် သူတို့ရဲ့ လယ်မြေဧကပေါင်း ၁၅၀ ကျော်လောက် ရေအောက်ကို ရောက်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီရွာသားတွေဟာ သူတို့ရဲ့အခက်အခဲကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး၊ ကြေးတိုင်နဲ့ မြေစာရင်းရုံးချုပ်၊ စသုံးလုံး၊ ဆောက်လုပ်ရေး ဦးစီးဌာန၊ မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနတွေကို အကြိမ်ကြိမ် ပေးပို့ တင်ပြခဲ့ပြီးပေမယ့် မထူးလာဘူးလို့ ဆိုပါတယ်။

ဒီကိစ္စကို တောင်သူတွေက  အန်အယ်လ်ဒီ မကွေးတိုင်း တောင်သူလယ်သမား ကော်မတီကို တင်ပြတဲ့အတွက် လာမယ့် ပြည်သူ့လွှတ်တော်အစည်းအဝေး ပြန်စတဲ့အခါ  တင်ပြတောင်းဆိုပေးမယ်လို့ ဦးနေမျိုးကျော်က ပြောပါတယ်။

မကွေးတိုင်းက လွှတ်တော်အမတ်တွေ ဖြစ်တဲ့ ဒေါက်တာအောင်မိုးညို၊ လယ်ယာမြေနဲ့ အ ခြားမြေများ စုံစမ်းရေးကော်မရှင်က အဖွဲ့ခွဲ ၅ က ဦးမြင့်သိန်းတို့ထံကို တိုင်းတောင်သူလယ်သမား ကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  စာတင်သွားမလို့ ပြောပါတယ်။

“လာမယ့်လွှတ်တော်မှာ ဒီဒေသခံပြည်သူတွေရဲ့လက်မှတ်တွေ၊ မှတ်ပုံတင်အမှတ်တွေ၊ အမည်တွေ၊ စိုက်ပျိုးမြေအမျိုးအစားတွေ၊ ကွင်းအမည်တွေ၊ ကွင်းအမှတ်တွေ၊ ဦးပိုင်အမှတ်တွေ၊ ဆုံးရှုံးသွားတဲ့ ဧကတွေ၊ အဲဒီထဲမှာမှ နှစ်ရှည်သီးနံှံပင်တွေဖြစ်တဲ့ ဒီရွာတွေဟာ တမံဆောက်မယ့်မြေနေရာကနေ ရွှေ့ပြောင်းလာတဲ့အတွက် ထန်းပင်တွေ၊ မန်ကျည်းပင်တွေ၊ သရက်ပင်တွေ၊ အုန်းပင်တွေနဲ့ အပင်အမျိုးမျိုး ဘယ်လောက် နစ်နာဆုံးရှုံး သွားတယ်ဆိုတာတွေကို အတိအကျဖော်ပြပြီးတော့မှ လွှတ်တော်ကို မေးခွန်းမေးရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုရင် အစိုးရဆိုတဲ့ သဘောသဘာဝက ပြီးခဲ့တဲ့အစိုးရတွေကို တာဝန်ခံဖို့ လိုပါတယ်။ အာဏသိမ်းတဲ့အစိုးရက လုပ်ခဲ့တာ သူတို့မှာ တာဝန်မရှိဘူးဆိုပြီး ပြောရင် ဒါဟာ အစိုးရကောင်းတရပ်ရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်ဘူး။”

ဆည်ကြောင့် နစ်နာမှုတွေထဲမှာ ဘုရားကုန်းကျေးရွာနဲ့ မင်းလွင်ကျေးရွာက တောင်သူ ၅၅ ယောက်၊ အိုးမြေကုန်းကျေးရွာက တောင်သူ ၄၀ ယောက်၊ ၀င်ကမ္ဘာကျေးရွာက တောင်သူ ၉၆ ယောက်၊ ကျောင်းကုန်းနဲ့ ပိတောက်ကုန်းက တောင်သူ ၆၅ ယောက်တို့ဟာ သူတို့ ရွှေ့ပြောင်းနေထိုင်ရတဲ့ နေရာမှာပဲ မြေကွက်သေးသေးလေးတွေ မိမိဖာသာ ဖော်ပြီး လုပ်ကိုင် စားသောက်နေကြရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လျှပ်စစ်မီးလည်း မရောက်တဲ့ အဲဒီနေရာမှာ သူတို့တတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေမှာ ခက်ခဲနေသလို စိုက်ပျိုးရေးအတွက် အစိုးရဘက်က အကူအညီ မရကြဘူးလို့ ပြောပါတယ်။

အဲဒီဒေသမှာ အခက်ခဲဆုံးကတော့ နွေရာသီမှာ သောက်သုံးရေ မရရှိတဲ့အတွက် မင်းဘူးနဲ့ ငဖဲမြို့တွေကနေ သောက်ရေ သွားရောက်လှူဒါန်းနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013