DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့တရားမဝင် ဝင်ရောက်သည့် မြန်မာများ ဆက်တိုက်ဖမ်းဆီးခံရ 
DVB
·
February 20, 2024
ထိုင်းသို့တရားမဝင် ဝင်ရောက်သည့် မြန်မာများ ဆက်တိုက်ဖမ်းဆီးခံရ 
Donate to DVB

မြန်မာနိုင်ငံမှာ စစ်မှုမထမ်းမနေရအမိန့်ထုတ်ပြန်ပြီးနောက်  လတ်တလော ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံသားတွေ တရားမဝင် ဝင်ရောက်မှုပိုစိပ်လာကာ ဖမ်းဆီး ခံရတာလည်း နေ့စဉ်ရက်ဆက်ရှိနေပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မှာဆိုရင် တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ဘက်ကို ဝင်ရောက်လာတဲ့ တရားမဝင် မြန်မာ ၁၈ ဦးကို လမ်းပြ ၂ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့  AEC အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နယ်စပ် ၅ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့   ရာ့ချ်မနူစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေဟာ နယ်မြေထဲမှာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေစဉ် ဖုပ်ဖရမြို့နယ် ဖုပ်ဖရအုပ်စု တောင်ရပ်ကွက်ထဲ ဝင်ရောက်လာတဲ့  အဖြူရောင် တိုယိုတာပစ်အပ်ကား တစီးကို မသင်္ကာလို့  ရပ်တံ့စစ်ဆေးရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ကျား ၈ ဦး မ ၁၀ ဦး စုစုပေါင်း ၁၈ ဦးလိုက်ပါလာတာလို့ ဆို ပါတယ်။ 

သူတို့ကို လဝက ဥပဒေနဲ့ အရေးယူဖို့ ဖုပ်ဖရမြို့နယ်ရဲစခန်းကို ပို့ဆောင်ထားပြီး ယာဉ် မောင်းဖြစ်သူ နိုင်းချား ( ၃၁ နှစ် ) နဲ့ အဖော်ဖြစ်သူ နိုင်းဆဒ် ( ၃၁ နှစ် ) တို့ကိုလည်း  ထိုင်းနိုင်ငံထဲ တရားမဝင်သူတွေ ဝင်ရောက်လာနိုင်အောင်အားပေးကူညီမှု ၊ တရားမဝင်အလုပ်သမား သယ် ဆောင်မှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကလည်း နခွန်းဆဝမ်ခရိုင် တတ်ဖာ့မြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၁၁ ဦး နဲ့ ယာဉ်မောင်း မြန်မာ ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းအရ သိရပါတယ်။

မနေ့မနက် ၁၁ နာရီလောက်က အဖြူရောင် အီဇူစူးဟိုင်းလပ်ကား ၁ စီး နဲ့ မီးခိုးရောင် တိုယိုတာဗွီးကို့ ကား ၁ စီးတို့ဟာ အဝေးပြေးလမ်းမကြီးပေါ်ကနေ နယ်မြေထဲ မောင်း နှင်လာကြောင်း၊  မီးခိုးရောင်ကားဟာ လေးလံနေဟန်ရှိပြီး ကားနောက်ခန်းမှာ ဘာမှ ပါမလာတဲ့အတွက် တာဝန်ရှိသူတွေက မသင်္ကာလို့ နောက်ယောင်ခံလိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါကား ၂ စီးဟာ  ဆုခ်ဆန်လန်းရပ်ကွက်ရှိ ဓာတ်ဆီဆိုင်တခုမှာ ဝင်ရောက်ရပ်နားစဉ်တာဝန်ရှိ သူတွေက ကားရှေ့ကို သံချောင်းနဲ့ ချထားလိုက်ပြီး ဝင်ရောက်စစ်ဆေးခဲ့တယ်၊  မီးခိုးရောင် ကားထဲကနေ  တရားမဝင် မြန်မာ ၁၁ ဦးတင်ဆောင်လာတာဖြစ်ပြီး ကားမောင်းသူ ၂ ဦးမှာလည်း  အသက် ၂၆ နှစ် နဲ့ ၂၇ နှစ်ရွယ်ရှိ မြန်မာအမျိုးသား ၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တရားမဝင်အလုပ်သမားတွေကို ချင်းမိုင်ကနေ ဘန်ကောက်ထိ  ပို့ပေးဖို့  အမည်မသိပွဲစား ၁ ဦးက ဆက်သွယ်ခဲ့ကြောင်း၊ လူသယ်တဲ့ကားက ၁ ဦးလျှင် ဘတ် ၈၀၀၀ နှုန်း၊ လမ်းပြကားက ၁ ဦးလျှင် ဘတ် ၈၀၀ နှုန်းနဲ့ သဘောတူပြီးသယ်ဆောင်ခဲ့တယ်။ ဒီလို လူသယ်တဲ့အလုပ်လုပ်လာတာ ဒါနဲ့ပါဆို ၃ ကြိမ်ရှိသွားပြီလို့ ဝန်ခံသွားပါတယ် ။ 

သူတို့အားလုံးကို လဝက ဥပဒေနဲ့အရေးယူဖို့ နခွမ်းဆဝမ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ် ။ 

ဖေဖော်ဝါရီ ၁၉ ရက် တနေ့တည်းမှာဘဲ ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ဆုခ်ဆမ်ရမ်းမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၄ ဦးကို လမ်းပြ ထိုင်း ၄ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့  ထိုင်းစစ်တပ် အမှတ် ၂၅  ခြေလျင်တပ်ရင်းလူမှုကွန်ယက်မှာ ဖော်ပြပါတယ် ။ 

ဆုခ်ဆန်လမ်းမြို့ ကမ်ဖွန်းရပ်ကွက် နယ်မြေ ၂  ရှိ စစ်ဆေးရေးဂိတ်ကနေ တရားမဝင် မြန်မာ ၃ ဦးတင်ဆောင်လာတဲ့ အနက်ရောင်တိုယိုတာအိမ်စီးကားကို ဦးစွာဖမ်းဆီးရမိပြီး ယာဉ် မောင်းဖြစ်သူ နိုင်းအေ ( ၂၈ နှစ် )က သူတို့အသုတ်ထဲမှာ နောက်ထပ်ကား ၂ စီးရှိသေးတယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။

ဒါကြောင့် အဆိုပါကား ၂ စီးကို သက်ဆိုင်ရာစစ်ဆေးရေးဂိတ်မှ စောင့်ကြပ်စစ်ဆေးရာမှာ နောက်ထပ် တရားမဝင် မြန်မာအမျိုးသား ၄ ဦး အမျိုးသမီး ၆ ဦး တို့ကို ဖမ်းမိခဲ့တာဖြစ်ပြီး ယာဉ်မောင်း ၂ ဦးနဲ့ ဘေးကအဖော်အဖြစ်လိုက်လာတဲ့ အမျိုးသမီး ၁ ဦးတို့ပါ လမ်းပြအနေနဲ့ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။ 

ဒီမတိုင်ခင် ဖေဖော်ဝါရီ ၁၈ ရက် မနက်ကလည်း ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ဖာ့တို့မြို့နယ်ထဲမှာ တရားမဝင် မြန်မာမိသားတစ်စု  အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၃ ဦး နဲ့ ကလေး ၂ ဦး ပေါင်း ၇ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

သူတို့မှာ ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ် Border Pass သာရှိပြီး ကန့်သတ်ထားတဲ့နယ်မြေကို ကျွံဝင်လာတာကြောင့် အဖမ်းခံရတာပါ။  ယဉ်မောင်းမှာ အသက် ၆၈ နှစ်ရွယ် နိုင်းဒါးဆိုသူ ထိုင်းအမျိုးသားဖြစ်ပြီး ပွဲစားက သူတို့ကို ရနောင်းခရိုင် လန်ဆွန်မြို့နယ်ကနေ ချွန်းဖွန်းခရိုင်ထိ ၁ ဦးလျှင် ဘတ် ၃၅၀၀ နှုန်းနဲ့  ပို့ဆောင်ပေးဖို့ ဆက်သွယ်လာတာကြောင့် သယ်ဆောင်ခဲ့တာလို့ ဝန်ခံသွားပါတယ် ။ 

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့်  စီးပွါးရေး အကျပ်အတည်း၊ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအခက်အခဲတွေရှိနေပြီး နိုင်ငံသားတွေဟာ နည်းမျိုးစုံနဲ့ ပြည်ပကို ထွက်ခွာနေကြပြီး  အများစုဟာ အိမ်နီးချင်းထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ကြကာ ဖမ်းဆီးခံရတာတွေလည်း နေ့စဉ်လိုရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013