Home
မြန်မာသတင်း
ရေးမြို့တွင် စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
DVB
·
February 20, 2024

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာနဲ့ စုံနံသာကျေးရွာကြားမှာရှိတဲ့ ခံသင်းတံတား စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၉ ရက်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ရေဘီလူးအဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းရှိတဲ့ ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၁၉ ရက် မနက် ၇ နာရီကျော်က ရေးဘီးလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတဦးက "ကျနော်တို့ မနေ့က အင်အား ၂၀ လောက်နဲ့ ဝင်တိုက်ချိန်မှာ အရှေ့မှာ ကုန်ကား‌ဆီမှာ ပိုက်ဆံကောက်နေတဲ့ ၄ ဦးကို ရှင်းနိုင်ခဲ့တယ်။ ကျနော်တို့က စခန်းကို ဝင်လုံးပြီး လက်နက်ကောက်ဖို့ ကြိုးစားခဲ့ပေမယ့် စခန်းပတ်ပတ်လည်မှာ မိုင်းကွင်းတွေ ဖြစ်နေတယ်။ ကားလမ်းဘက်က အပေါက်တပေါက်ပဲ လွတ်တာ၊ အဲဒါကလည်း အပေါ်က ဘန်ကာရှိတော့ ဝင်မရတော့လို့ ပြန်ဆုတ်လာခဲ့ရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီးနောက် ခမရ ၅၈၃၊ ခမရ ၅၈၆၊ ခမရ ၅၉၃၊ ခမရ ၃၄၃ နဲ့ ကျောင်းရွာအခြေစိုက်တပ်ဖွဲ့တို့က လက်နက်ကြီးနဲ့ အနီးနားကျေးရွာတွေကို ဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။

ခံသင်းတံတားစစ်ဆေးရေးဂိတ်မှာ မွန်ငြိမ်းချမ်းရေးကာကွယ်‌ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ ပူပေါင်းဂိတ်ထိုင်ထားပြီး ဖြတ်သန်းသွားလာသော ကုန်ကားတွေကို အခွန်ကောက်ခံနေပါတယ်။

ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ရေးဘီးလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြခဲ့ပေမယ့် ထိခိုက်ကျဆုံးကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

ဇန်နဝါရီ ၂၄ ရက်ကလည်း ခံသင်းတံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး လက်နက် ၃ လက် ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024