Home
နိုင်ငံတကာ
ယူကရိန်းတပ်များ အားဗ်ဒီးအစ်ဗ်ကာမြို့ မှ ဆုတ်ခွာ၊ အရေးပါသည့် အောင်ပွဲဟု ပူတင် ကြေညာ
DVB
·
February 18, 2024
Ukrainian soldiers get out of a military vehicle in a location given as Avdiivka, Donetsk Region

ယူကရိန်းနိုင်ငံအရှေ့ပိုင်း အားဗ်ဒီးအစ်ဗ်ကာမြို့မှာ လနဲ့ချီတိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် တပ်တွေ ဆုတ်ပေးလိုက်ရပြီလို့ ယူကရိန်း စစ်သေနာပတိချုပ်က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အတည်ပြုပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင် ကတော့ အားဗ်ဒီးအစ်ဗ်ကာမြို့ကို သိမ်းလိုက်နိုင်တာဟာ အရေးပါတဲ့ အောင်ပွဲပဲ လို့ကြေညာပါတယ်။ 

ဒါပေမဲ့ ယူကရိန်းတပ်ဖွဲ့ တချို့ဟာ မြို့ပေါ်မှာရှိတဲ့ ကုတ်ခ် အချိုရည်စက်ရုံမှာရှိနေသေးတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်မေလက မက်ခ်မွတ်မြို့ကို သိမ်းပြီးနောက်ပိုင်း  ရုရှားဘက်က အကြီးမားဆုံးအောင်ပွဲလို့ ဆိုနိုင်ပါတယ်။ 

ရုရှား ကျူးကျော်စစ် ၂ နှစ်ပြည့်ခါနီး ရက်ပိုင်းအလိုမှာ အမေရိကန်က စစ်ဘက်အကူအညီသစ်တွေ ပေးဖို့ လွှတ်တော်က အတည်မပြုပေးတဲ့အတွက် နှောင့်နှေးနေတဲ့အတွက် ယူကရိန်းဘက်မှာ လက်နက်ခဲယမ်း ပြတ်တောက်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်မှာ ရုရှား သိမ်းထားတဲ့နယ်မြေကို ဖောက်မထွက်နိုင်ခဲ့တဲ့နောက် ရုရှားဘက်က အသာစီးပြန်ရလာတဲ့ အခြေအနေကို အရှင်းလင်းဆုံး ပြသလိုက်တာလည်း ဖြစ်ပါတယ်။ 

ယူကရိန်းကို အကူအညီပေးရေးနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ရီပတ်ဘလီကန်တွေ ဆက်ကန့်ကွက်နေရင် လက်နက်ခဲယမ်း ပြတ်တောက်ပြီး ရုရှားလက်ထဲ အားဗ်ဒီးအစ်ဗ်ကာမြို့ ကျတော့မယ်လို့  ဒီတပတ်ထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးထားခဲ့ပါသေးတယ်။

Source/Photo-3Rd Assault Brigade/Handout via REUTERS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024