DVB Logo
Home
နိုင်ငံတကာ
ရုရှားက နျူစွမ်းအင်သုံး အာကာသလက်နက် ထုတ်လုပ်နေ
DVB
·
February 17, 2024
ရုရှားက နျူစွမ်းအင်သုံး အာကာသလက်နက် ထုတ်လုပ်နေ
Donate to DVB

ရုရှားက တီထွင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးက ယူဆထားတဲ့ အာကာသအခြေစိုက် လက်နက်ဟာ အာကာသထဲကနေ ကမ္ဘာမြေ လှမ်းပစ်ချနိုင်တဲ့ နျူးကလီးယားထိပ်ဖူးတပ် လက်နက်မျိုး မဟုတ်ဘဲ  အာကာသထဲမှာရှိတဲ့ ဂြိုဟ်တုတွေထဲက အီလက်ထရောနစ်ပစ္စည်းတွေ ရပ်ဆိုင်း၊ ပျက်စီး၊ ချွတ်ယွင်းအောင် လုပ်နိုင်တဲ့ နျူးကလီးယားစွမ်းအင်သုံး ကိရိယာမျိုး ဖြစ်နိုင်ခြေ ပိုများတယ်လို့ လေ့လာသုံးသပ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က အောက်လွှတ်တော် ထောက်လှမ်းရေးရာကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် မိုက်တာနာက ရုရှားတီထွင်နေတဲ့ပစ္စည်းဟာ “အမျိုးသားလုံးခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကြီး” ဖြစ်နေပြီလို့ ကြေညာချက်ထုတ်ခဲ့တဲ့အတွက် အများစိတ်ဝင်စားစရာ ဖြစ်လာခဲ့တာပါ။

ရုရှားက အာကာသအခြေပြု လက်နက်တခု ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ မှန်ပေမဲ့ လက်ရှိ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့  ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားတဲ့ သတင်းရင်းမြစ်က ရိုက်တာကို အတည်ပြုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း “ဒါက လက်ရှိသုံးနိုင်တဲ့ အစွမ်းမရှိသေးဘူး” လို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ အတည်ပြုပါတယ်။

အချက်ပြလှိုင်းတွေကို ဟန့်တားနှောင့်ယှက်တဲ့ signal-jammer ပုံစံမျိုး၊ ပုံရိပ်အာရုံခံစနစ်တွေ “ကန်း” သွားစေနိုင်တဲ့ လက်နက်မျိုး၊ ပတ်လမ်းကြောင်းနေရာတခုက ဂြိုဟ်တုအားလုံးမှာရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ အကုန်လောင်ကျွမ်းသွားစေနိုင်တဲ့ လျှပ်စစ်သံလိုက်ကြိမ်နှုန်းတွေ (EMPs) ထုတ်လွှတ်နိုင်တဲ့ ကိရိယာမျိုးတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုစနစ်မျိုး၊ လက်နက်မျိုးကို နျူးကလီးယားစွမ်းအင်နဲ့ လည်ပတ်တာမျိုး ဖြစ်နိုင်တယ်လို့ Arms Control Association က အမှုဆောင်ဒါရိုက်တာ ဒါရီးလ်ကင်းမ်ဘောလ်က သုံးသပ်ပါတယ်။

၂၀၂၃ ခုနှစ်တုန်းကလည်း အမေရိကန် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီရဲ့ အစီရင်ခံစာမှာ ဂြိုဟ်တုတွေကို ပစ်မှတ်ထားတဲ့ လက်နက်အမျိုးမျိုး ရုရှားက တီထွင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အရင်ကတည်းက နျူးကလီယားစွမ်းအင်သုံး မဟုတ်တဲ့ ဂြိုဟ်တုဖျက် လက်နက်မျိုးတွေကို အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့က စမ်းသပ်ခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာပတ်လမ်းထဲက ဂြိုဟ်တုအဟောင်းကို ဖျက်ပစ်တာမျိုး လုပ်ဆောင်တာဖြစ်ပါတယ်။

အာကာသထဲက နျူးကလီးယားလက်နက် ဆိုရင်တော့ အရမ်းကို အန္တရာယ်ကြီးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ Secure World Foundation မှ ဘရိုင်ယန်ဝီဒန်က သုံးသပ်ပါတယ်။

၁၉၆၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပြင်ပအာကာသ သဘောတူစာချုပ်အရ ကမ္ဘာပတ်လမ်းထဲမှာ နျူးကလီးယားလက်နက် ဒါမှမဟုတ် အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တမျိုးမျိုးကို ပို့လွှတ်တာမလုပ်ဖို့ တားမြစ်ထားပြီး ဒီစာချုပ်ကို အမေရိကန်ရော ရုရှားပါ လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013