DVB Logo
Home
Lead Story
ရဲရဲတွေးထားရမည့် အဓမ္မ စစ်သားစုဆောင်းရေး ဥပဒေ
DVB
·
February 16, 2024
ရဲရဲတွေးထားရမည့် အဓမ္မ စစ်သားစုဆောင်းရေး ဥပဒေ
Donate to DVB

အဓမ္မ စစ်သားစုဆောင်းရေး ဥပဒေကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတည်ပြုလိုက်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာ လူမှုကွန်ရက်ပေါ် နောက်နောက်ပြောင်ပြောင်ပို့စ်တွေ တက်လာပေမဲ့ သိပ်မကြာခင်မှာပဲ မြန်မာပြည်သူ အပေါင်းရဲ့ ထိတ်လန့်တုန်လှုပ်မှုတွေကို မြင်တွေ့လာရတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးချိန်ကစလို့ ထမင်းနပ်မှန်ဖို့အရေး အသည်းအသန် ရုန်းကန်နေရတဲ့ ပြည်သူတွေ နောက်ထပ် ကြောက်မက်ဖွယ်မုန်တိုင်း သတိပေးချက်ကို ရရှိလိုက်သလို စိတ်ဆင်းရဲခြင်း ကြီးခဲ့ကြတယ်။

ကမ္ဘာပေါ်က အောက်တန်းအကျဆုံး စစ်တပ်၊ ကိုယ့်ပြည်သူကိုယ် ပုရွက်ဆိတ်တကောင်လို လွယ်လင့်တကူ သတ်ဖြတ်နေတဲ့ စစ်တပ်၊ မြို့တွေ၊ ရွာတွေကို မီးရှို့ လုယက် ဗုံးကြဲ၊ အဲဒီလို စစ်တပ်ရဲ့ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတသိုက်က သူတို့အာဏာရရှိရေး အတွက် လူငယ်လေးတွေကို အဓမ္မ စစ်ထဲခေါ်သွင်းကာ ကြိုက်သလောက်သေ၊ ထိုးကျွေးပစ်မယ်ဆိုတဲ့ ကြောက်မက်ဖွယ်အောက်တန်းကျချက်။ အဆိုးဆုံးက အဲဒီလိုစစ်တပ်ကို ဘယ်ထောင့်ကတွေးတွေး ဘယ်ပြည်သူကမှ လက်ခံလို့မရတာပါပဲ။

ပြီးတော့ ဒီဘက်ခေတ်မှာ စစ်တပ်ထဲဝင်တယ်ဆိုတာ အင်မတန့် အင်မတန် အဆင်မပြေတဲ့ သူတချို့သာ ဝင်ကြတာ။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက် အဆင်မပြေတဲ့သူတွေတောင် စစ်တပ်ထဲ မဝင်တော့တဲ့အထိ အော့နှလုံးနာကြတဲ့နေရာ။ စစ်တပ်ထဲဝင်ဖို့ မပြောနဲ့၊ စစ်တပ်ထဲက လူတွေတောင် CDM လုပ်၊ ပြည်သူ့ရင်ခွင်ဆီအရောက် ထွက်ပြေးကြတာမှ အထွေးလိုက်။ စစ်တပ်ထဲ စစ်သားတွေ နေရတဲ့ဘဝက မသေထမင်း မသေဟင်း ကျွေးထားတဲ့အဆင့်။ စစ်တိုက်လို့ သေသွားလည်း တိရစ္ဆာန်တွေလို စွန့်ပစ်ခံရတဲ့ဘဝ။ ဒါကြောင့် ပြည်သူအားလုံးက စစ်တပ်ထဲ အသွင်းခံရတယ်ဆိုတာ ကံကောင်းလို့ အသက်မသေရင်တောင် ဘဝကြီးတခုလုံး လုံးဝပျက်စီးသွားတာပဲလို့ တညီတညွတ်တည်း မှတ်ယူကြတယ်။ စစ်တပ်ထဲ အသွင်းခံရတဲ့ လူငယ်တွေ တပ်ထဲမှာ ရိုက်နှက်ညှဉ်းပန်းခံရမယ်။ စစ်တပ်ထဲက သတင်း အပြင်မရောက်စေဖို့ စစ်တပ်ကို ထောင်လို ဖုန်းမသုံးရ၊ အပြင်မထွက်ရ၊ အိမ်နဲ့မဆက်သွယ်ရ စသဖြင့် ကန့်သတ်ခံရမယ်။ စစ်တပ်ထဲဆိုတာ သူတို့လက်ခုပ်ထဲက ရေ၊ မသင်္ကာလို့၊ မယုံကြည်လို့ ဆိုပြီး သတ်ပစ်နိုင်သလို ဘာချို့ယွင်းချက်မှမရှိလည်း ပစ်သတ်နိုင်တယ် မဟုတ်လား။ ပြီးတော့ သေနတ်ကိုင် မတိုက်ခိုင်းရင်တောင် စစ်ယူနီဖောင်းဝတ်စေကာ လူသားဒိုင်းနဲ့ အထုပ်ထမ်းအဖြစ် အသေခံခိုင်းမယ်ဆိုတာ ပြည်သူအားလုံးက လက်ရှိ မျက်မြင်တွေအရ ယုံမှတ်ပြီးသား။

အဲဒါကြောင့်လည်း မိဘတချို့က အဓမ္မစစ်သားစုဆောင်းရေးဥပဒေ ထွက်ပြီး တပတ်မပြည့်ခင်မှာပဲ ၁၈ နှစ်ပြည့်ပြီးသား သူတို့ရဲ့ သားသမီးတွေကို လုံခြုံမှုရှိမယ့်နေရာဆီ အမြန်ခေါ်လိုက်တော့တယ်လို့ ကြားရတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ကပဲ မြို့ပြရန်ကုန်နေ ဆရာမတဦးက သူ့ရဲ့သား PDF တပ်ဖွဲ့ထဲ ဝင်တော့မယ့်အကြောင်း လှမ်းပြောပြ။ စစ်တပ်ထဲတော့ ဘယ်နည်းနဲ့မှ မဝင်နိုင်ဘူးလို့ ဆိုရဲ့။ တကယ်တော့ သူ့ရဲ့သားဟာ စစ်အာဏာရှင်ကို လုံးဝလက်မခံဘူး ဆိုပေမဲ့ ဒီ စစ်အာဏာရှင်တွေကို လက်တွေ့ဆန့်ကျင်တော်လှန်နေတဲ့အထဲတော့ မပါ။ သူ့တကိုယ်စာ အနာဂတ်အတွက် ပြည်ပထွက် အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့ လူငယ်။ အဲဒီလူငယ်က အခု PDF ထဲ ဝင်တော့မယ်တဲ့။

ကျနော့်မိတ်ဆွေတဦးရဲ့ ပြောပြချက်ကတော့ စိတ်မကောင်းစရာ။ အသက် ၂၀ ကျော်အရွယ် သူ့မိတ်ဆွေမလေး ၂ ဦးကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြောင်း ဖုန်းဆက်ပြောရင်း ငိုနေကြတယ်လို့ ဆိုတယ်။ စိတ်မကောင်းစရာဆိုပေမဲ့ စိတ်မကောင်းနေလို့လည်း ဒီပြဿနာကြီးကို ကျော်လွှားသွားနိုင်မှာ မဟုတ်ဘူး ဆိုတာလည်း သေချာနေပါတယ်။

ဘာလို့လဲဆိုတော့ မင်းအောင်လှိုင်က အဓမ္မ စစ်သားစုဆောင်းရေး ဆိုတာကို အမှန်တကယ် ဖော်ဆောင်မှာမို့ပါပဲ။ ပြည်သူ့စစ်မှုထမ်းဥပဒေလို့ဆိုတဲ့ အဓမ္မ စစ်သားစုဆောင်းရေး ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်ကြောင်း မင်းအောင်လှိုင် ထုတ်ပြန်လိုက်ပြီး ၃ ရက်အကြာ ဖေဖော်ဝါရီ ၁၃ ရက်မှာ အဓမ္မ စစ်သားစစ်ဆောင်းရေး ဆောင်ရွက်မယ့် ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့ကို မြန်မြန်ဆန်ဆန်ပဲ ဖွဲ့စည်းလိုက်ပါတယ်။ ပြီးတော့ လာမယ့် သင်္ကြန်အပြီးမှာ အဓမ္မ စစ်သားစုဆောင်းမှု စတင်မယ်လို့ စစ်အုပ်စုပြောခွင့်ရက ဘီဘီစီကို ပြောထားပါတယ်။

ဆိုတော့ သင်္ကြန်အပြီးမှာ အဓမ္မစစ်သားစုဆောင်းမှု စတင်တော့မယ်လို့ လာမယ့်ဘေးကို အခုကတည်းက အခိုင်အမာ တွေးကြည့်ထားကြဖို့ လိုပါမယ်။ မင်းအောင်လှိုင်စစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေခဲ့တာရော သေနတ်မကိုင်နိုင်တော့တဲ့အဆင့် ဒဏ်ရာရသူတွေ မနည်းလှသလို ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်တခွင်နဲ့ အခု ရခိုင်မှာ သေကျေ ဒဏ်ရာရနေကြတာ သိပ်များမယ်လို့ မှန်းဆနိုင်ပါတယ်။ ပြီးတော့ အလင်းဝင်စစ်သားတွေကလည်း သိပ်များလာပါတယ်။ အောက်ခြေကနေ နေပြည်တော်အထိ အဆင့်ဆင့် လိမ်လည်ထားတာကြောင့် သေဆုံး၊ ဒဏ်ရာရ၊ အလင်းဝင်နဲ့ စစ်ပြေး စုစုပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ မင်းအောင်လှိုင် ကိုယ်တိုင်တောင် အမှန်အတိုင်း မသိနိုင်ပေမဲ့ စစ်သားလိုအပ်ချက်ကတော့ သိပ်များနေတာ အသေအချာပါပဲ။

ဖေဖော်ဝါရီ ၁၃ ရက်မှာပဲ စစ်တပ်က ထွက်ထားသူတွေနဲ့ ပင်စင်စား စစ်သားတွေကို စစ်တပ်ထဲပြန်ခေါ်မယ့် အရန်တပ်ဖွဲ့ ဥပဒေကိုပါ ထပ်မံအသက်သွင်းလိုက်တာဟာ စစ်တပ်ထဲ စစ်သားပြုန်းတီးမှု ဘယ်လောက်ဖြစ်နေသလဲဆိုတာ ဖော်ပြနေပါတယ်။ အဲဒီပြုန်းတီးနေမှုကို ရိုးရိုးသားသား စစ်သားစုဆောင်းခြင်း၊ ထောင်ကျစစ်သားတွေကို တပ်ထဲပြန်ခေါ်တဲ့နည်း စတာတွေနဲ့ ဖာထေးဖို့ ကြိုးစားကြည့်ပေမဲ့ မြန်မြန်နဲ့ အင်အားများများ မရနိုင်တာကြောင့် အဓမ္မစစ်သားစုဆောင်းရေးဥပဒေ ထွက်ပေါ်လာခြင်းလို့ နားလည်မိပါတယ်။

ဆိုတော့ အဓမ္မစစ်သားစုဆောင်းတဲ့ ဆင့်ခေါ်စာဟာ အကျုံးဝင်လူငယ်တွေရဲ့ အိမ်တံခါးပေါက်ကို အချိန်မရွေး လာခေါက်တော့မယ်လို့ မှတ်ယူထားရတော့မလို တချိန်တည်း တပြိုင်တည်း အကျုံးဝင်လူငယ်တွေဆီ ဆင့်ခေါ်စာ ရောက်လာမှာတော့ မဟုတ်ပါဘူး။ ပထမဆုံး ဖြစ်လာနိုင်ခြေရှိတာက တိုင်းအလိုက် ပြည်နယ်အလိုက် တော်လှန်ရေးလှုပ်ရှားမှု လုံးဝမရှိ သို့မဟုတ် အားနည်းတဲ့ မြို့တွေ ရွာတွေက လူငယ်တွေနဲ့ မြို့ကြီး ပြကြီးတွေက အောက်ခြေလူတန်းစားများတဲ့ ဆင်ခြင်ဖုံးရပ်ကွက်တွေက လူငယ်တွေကို အရင် ပစ်မှတ်ထားနိုင်ပါတယ်။ တချိန်တည်းမှာပဲ စစ်အုပ်စု အုပ်ချုပ်ရေးယန္တရားရှိတဲ့ မြို့တိုင်း နယ်တိုင်းမှာ အခုပဲ လူငယ်တွေကို ဆင့်ခေါ်တော့မှာလိုလို ကောလာဟလတွေ ထုတ်ကာ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေ ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ လတ်တလော စစ်တပ်က လုပ်ဆောင်နေသလို ခရီးသွားလူငယ်တွေနဲ့ တွေ့ရာကြုံရာ နေရာတွေမှာ အလစ်အငိုက် ဖမ်းဆီးကာ စစ်တပ်ထဲ တန်းပို့လိုက်တာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။

ဒီနေရာမှာ မင်းတို့ စစ်အုပ်စုဝင်တွေနဲ့ စစ်တပ်ထောက်ခံသူတွေ စစ်ထဲ အရင်ဝင်ပြလို့ သွားပြောနေလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ အဓမ္မစစ်သားစုဆောင်းရေးဥပဒေဆိုတာ ပြည်သူကိုသာ ပစ်မှတ်ထားပြီး ပြည်သူကိုဒုက္ခပေးကာ ပြည်သူကို အသေခံခိုင်းချင်လို့ လုပ်တာကြောင့် စစ်အုပ်စုလူတွေကို စစ်တပ်ထဲထည့်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဘယ်သူ့ကို စစ်ထဲထည့်မယ်၊ မထည့်ဘူး ဆိုတာ ဘယ်ပြည်သူမှလည်း ပြောရေးဆိုခွင့် မရှိပါဘူး။

အဓမ္မဆင့်ခေါ်စာကို ကျော်လွှားနိုင်မယ့် နည်းလမ်းတခုက လာဘ်ထိုးခြင်းပါပဲ။ အဓမ္မစစ်သားစုဆောင်းမှု စတင်ပြီး မကြာခင် နယ်မြေဒေသအလိုက် စစ်ထဲမဝင်ချင်ရင် ဘယ်လောက်ပေးဆိုတဲ့ ပေါက်ဈေးတွေ ထွက်ပေါ်လာမှာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီပေါက်ဈေးက လူတိုင်း လက်လှမ်းမီနိုင်တဲ့ ငါးပြား၊ ဆယ်ပြား မဟုတ်သလို ငွေပေးပြီးရင် တကယ် စစ်ထဲမဝင်ရတော့ဘူးလား ဆိုတာလည်း မသေချာတာကြောင့် လူငယ်တိုင်းကို အကာအကွယ်ပေးနိုင်တဲ့ စိတ်ချရတဲ့နည်းလမ်းလည်း မဟုတ်ပါဘူး။

တရားမဝင် အာဏာသိမ်းထားတဲ့ စစ်အုပ်စုက ထုတ်ပြန်ချက်မှန်သမျှဟာ တရားမဝင်ဘူး ဆိုတာ လူတိုင်းနားလည်ပြီးသားကိစ္စ ဆိုပေမဲ့ အဲဒီတရားမဝင်မှုကို ဒီနေ့ထိတိုင် မတိုက်ဖျက်နိုင်သေးတာ ဖြစ်ရပ်မှန်ပါပဲ။ ဒါကြောင့် အဓမ္မစစ်သားစုဆောင်းမှုအပေါ် NUG အစိုးရ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးက မတားဆီးနိုင်သလို လုံလောက်တဲ့ အကာအကွယ်လည်း မပေးနိုင်သေးပါဘူး။ ဒါပေမဲ့ ကျော်လွှားစရာ နည်းလမ်းတွေကို ရှာဖွေပံ့ပိုးပေးနိုင်မလားလို့တော့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမဲ့ ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေက ‘ပုံမှန် နေမြဲအတိုင်း ကိုယ့်မြို့ကိုယ့်ရွာမှာ အထိုင်မပျက်နေ’ ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

လက်ရှိအချိန်မှာတော့ စစ်ထဲမဝင်နဲ့၊ PDF ထဲဝင်ကြ ဆိုတဲ့ နည်းလမ်းကလွဲလို့ တခြား ဘာမှ မပြောနိုင်ကြသေးပါဘူး။ ဘာလို့လဲဆိုတော့ စစ်အုပ်စုဘက်က ဘယ်လိုခြေလှမ်းမျိုး လှမ်းမယ် ဆိုတာနဲ့ လူငယ်တွေ လွတ်ထွက်မသွားအောင် ဘယ်လိုပိတ်ဆို့ တားဆီးမလဲဆိုတာ မသိသေးလို့ပါပဲ။

လောလောဆယ်မှာ PDF ထဲဝင်ကြ ဆိုတာ လက်တွေ့ကျတဲ့ ကျော်လွှားနည်းတခု ဖြစ်ပေမဲ့ စစ်တပ်ထဲလည်း မဝင်ချင်၊ PDF ထဲလည်း မဝင်ချင်တဲ့ လူငယ်တွေအတွက်လည်း ပံ့ပိုးပေးနိုင်မယ့် အစီအစဉ်တွေကို ထည့်သွင်းစဉ်းစား ပြင်ဆင်ထားဖို့ လိုပါမယ်။

သေချာတာကတော့ အဓမ္မစစ်သားစုဆောင်းရေးဥပဒေ ဆိုတာ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင်ရဲ့ လူမိုက်ဗေဒကို ဖွင့်ဆိုပြလိုက်ခြင်းပါပဲ။ မင်းအောင်လှိုင်ဟာ အာဏာမရရင် အလုံးစုံပျက်သုဉ်းစေရမယ်ဆိုတဲ့ အရူးမီးဝိုင်းစိတ်နဲ့ ပြည်သူကို အငြိုးတကြီး စိန်ခေါ်လိုက်ခြင်းပါပဲ။

ထွန်းလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013