DVB Logo
Home
မြန်မာသတင်း
ထွန်တုံးတိုက်ပွဲဝင် ကရင်နီတောင်သူများကို စစ်တပ်က ခြိမ်းခြောက်
DVB
·
September 1, 2014
ထွန်တုံးတိုက်ပွဲဝင် ကရင်နီတောင်သူများကို စစ်တပ်က ခြိမ်းခြောက်
Donate to DVB

ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးရွာမှာ အသိမ်းခံရတဲ့ မြေတွေ ပြန်လည် ရရှိရေး ကာကွယ်ရေးဦးစီးချုပ်ဆီ စာရေး တောင်းဆိုခဲ့တဲ့ တောင်သူတွေကို ဒေသခံ  စစ်တပ်တာဝန်ရှိသူတွေက ခေါ်ယူ ခြိမ်းခြောက်တယ်လို့ တောင်သူတွေက ပြောပါတယ်။

[caption id="attachment_63861" align="alignright" width="300"]10648739_829355323755046_5847767357030214098_o ဆိုလျားကူး ရွာသား ဖေ့စ်ဘွတ်ခ်[/caption]

ဒေသကွပ်ကဲရေး စစ်ဌာနချုပ်က ဒေသ ကွပ်ကဲရေးစစ်ဌာနမှူး ဗိုလ်မှူးစောမင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က  မြေသိမ်းခံတောင်သူ ကိုယ်စားလှယ်တွေဖြစ် တဲ့  ဦးဆူရယ်နဲ့ ဦးဒီးဒီတို့ ၂ ဦးကိုရော၊ ဌာန ဆိုင်ရာ အကြီးအကဲတွေ ပါ ခေါ်ယူပြီး သိမ်းထား တဲ့မြေတွေ ပြန်ပေးဖို့ မရှိကြောင်းနဲ့ နောက်ထပ် ထွန်တုံးတိုက်ပွဲဝင်ရင် အင်အားသုံး အရေးယူမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာလို့ ဆိုလျားကူးရွာသား ဦးတူရယ်က ဒီဗွီဘီကို ပြောပါတယ်။

“သူပြောတာက ဒီမြေကို ပြန်ပေးဖို့ လာဆွေးနွေးတာ မဟုတ်ဘူးတဲ့၊ လုံးဝပြန်ပေးမှာ မဟုတ်ဘူး။ သူတို့ တူးထားတဲ့ ကတုတ်ကျင်းတွေ မထိဖို့ လာသတိပေးတာ၊ ရွာသားတွေ စိုက်ထားတဲ့အပင်ကို စစ်တပ်က အချိန်မရွေး ဖျက်ဆီးလို့ ရတယ်။ ဒါပေမယ့် ဒီနှစ် စိုက်ပျိုးရာသီတော့ သနားလို့ ဘာမှ မလုပ်ဘူး၊ စပါးရိတ်ပြီးရင် ရွာသားတွေနဲ့ မဆိုင်တော့ဘူး၊  အတင်းဝင်စိုက်ရင် အင်အားနဲ့ ဖြေရှင်းမယ်။ လိုအပ်ရင် လက်နက်သုံးမယ်။ စစ်တပ်မှာရှိတဲ့ လက်နက်တွေ အများကြီးက အလကား ကိုင်ထားတာ မဟုတ်ဘူးလို့ ပြောသွားတယ်။”

ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ ဒေသကွပ်ကဲရေးစစ်ဌာနမှူး ဗိုလ်မှူးစောမင်းကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

ခုလို အခြိမ်းခြောက်ခံရပေမယ့် ရွာသားတွေကတော့ နောက်မဆုတ်ဘဲ မိမိမြေယာရရှိရေးအတွက် ဆက်လက် ကြိုးစားသွားမယ်၊  နေပြည်တော်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော်ဆီကိုပါ  အမြန်ဆုံး စာထပ်တင်မယ်လို့  ရွာသားတွေက ပြောပါတယ်။

ရွာသားတွေဟာ သြဂုတ် ၁၈ ရက်နေ့ကလည်း မြေယာကိစ္စဖြေရှင်းပေးဖို့နဲ့ ခမရ ၅၃၁ တပ်ရင်းကို  အရေးယူပေးဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ  စာပေးပို့ တောင်းဆိုခဲ့ကြပါတယ်။

ကာချုပ်ဆီက တစုံတရာပြန်ကြားချက်မရတဲ့အပြင် အခုလို ထပ်မံ ခြိမ်းခြောက်ခံ ခဲ့ရတာဖြစ်ကြောင်း၊ မိမိတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာတဲ့  မြေတွေ အသိမ်းခံ ရတဲ့အပြင် အခုလို လက်နက်အားကိုးပြီး ခြိမ်းခြောက်တဲ့ကိစ္စကို ကန့်ကွက်ရှုတ်ချတယ်လို့ ဦးတူရယ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) ကိုလည်း တိုင်ကြားခဲ့ပြီး ကေအန်ပီပီအနေနဲ့ အစိုးရနဲ့ ထပ်မံဆွေးနွေးတဲ့အခါမှာ မြေသိမ်းယာသိမ်းပြဿနာ ဖြေရှင်းရေးကိစ္စပါ ဆွေးနွေးဖို့ တောင်းဆိုခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဆိုလျားကူးကျေးရွာဟာ ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲက အကြီးဆုံးရွာတရွာ ဖြစ်ပြီး လူဦးရေလည်း အများဆုံးရှိတဲ့ ရွာတရွာ ဖြစ်ပါတယ်။

ဒီဒေသမှာ စစ်တပ်က လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်ကတည်းက  သိမ်းယူထားတဲ့မြေဧကပေါင်း ၁၂၀၀ ရှိပြီး  ရွာသားပေါင်း ၂၀၀ ကျော်ဟာ ပြီးခဲ့တဲ့မေလကုန်ပိုင်းက အဲဒီမြေပေါ်မှာ ထွန်တုံး တိုက်ပွဲဝင်ပြီး တပ်သိမ်းမြေတွေ ပြန်ရရေး တောင်းဆိုခဲ့ကြဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013