ရန်ကုန်တွင် မြေဂရန်ပြောင်းလျှောက်ပေးမည်ဆိုပြီး လိမ်လည်သူများလာ

ရန်ကုန်မှာ မြေချပါမစ်ကနေ မြေငှားစာချုပ်(ဂရန်) ပြောင်းလျှောက်ပေးမယ်ဆိုပြီး စည်ပင်နဲ့ ပွဲစားတွေက ငွေကြေးလိမ်လည်တာတွေ များလာတယ်လို့ ဂရန်လျှောက်ထားသူတွေဆီက သိရပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းနဲ့ ပွဲစားတချို့ပေါင်းကာ မြေချပါမစ် ကိုင်ဆောင်ထားသူတွေကို မြေငှားစာချုပ်(ဂရန်) လုပ်ပေးမယ်ဆိုပြီး ကျပ်သိန်းရာနဲ့ချီ လိမ်လည်နေကြတယ်လို့ လိမ်လည်ခံရသူတယောက်က ပြောပါတယ်။
“ကျနော်တို့က မြေပါမစ်ကို အရပ်ဘက်စာချုပ်နဲ့ ဝယ်ထားတာ။ ဝယ်ထားတဲ့ မြေချပါမစ်ကို ဂရန်ပြောင်းချင်လို့ ပွဲစားတယောက် ချိတ်ပေးတဲ့ စည်ပင်က ဝန်ထမ်းနဲ့ လုပ်လိုက်တာ သိန်း ၁၂၀ အလိမ်ခံလိုက်ရတယ်။ နောက်မှသိရတာ၊ အရပ်ဘက်စာချုပ်နဲ့ဝယ်ထားတဲ့ ပါမစ်တွေက ဂရန်ပြောင်းလျှောက်လို့ မရသေးဘူး ဆိုတာပဲ။”
လူမှုကွန်ရက်ပေါ်မှာ မြေငှားစာချုပ် (အိမ်ဂရန်) ဝန်ဆောင်မှုပေးသည်ဆိုတဲ့ ကြေညာတခုကို တွေ့ရှိပြီး မြေချပါပစ်ကို အိမ်ဂရန်ပြောင်းလျှောက်ဖို့အတွက် ကျပ် သိန်း ၁၄၀ ကုန်ခဲ့ပြီး ၃ လလောက် အကြာမှာ ငွေလိမ်ခံလိုက်ရတယ်လို့ ရွှေပေါက်ကံ ဒေသခံတယောက်က ပြောပါတယ်။
“စည်ပင်နဲ့ ပွဲစားလောကမှာ ကောင်းတဲ့သူတွေရှိသလို တနပ်စားဉာဏ်နဲ့ လုပ်စားတဲ့သူတွေ ရှိတယ်။ အရပ်ဘက်စာချုပ်နဲ့ ဝယ်ထားတဲ့ ပါမစ်တွေ ဂရန်ပြောင်းလျှောက်လို့ မရဘူးဆိုတာ သိရက်နဲ့ မပြောဘူး။ အလိမ်ခံရအောင် လိမ်တဲ့သူဆီ တွန်းပို့ကြတယ်၊ လမ်းညွှန်ပေးတယ်။ ကျနော်ဆို သိန်း ၁၄၀ အလိမ်ခံလိုက်ရတယ်။”
အရပ်ဘက်စာချုပ်နဲ့ ဝယ်ယူထားတဲ့ မြေချပါမစ်တွေကို ၂၀၂၆ ခုနှစ် သြဂုတ်လက စတင်ကာ မြေငှားစာချုပ် (အိမ်ဂရန်) လျှောက်ထားမှုကို ရပ်နားထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“မြေချပါမစ်ကနေ ဂရန်ပြောင်းလျှောက်တာကို ရပ်ထားတာမဟုတ်ဘူး။ အရပ်ဘက် စာချုပ်အဆင့်ဆင့်နဲ့ ဝယ်ထားတဲ့ မြေချပါမစ်တွေ ဂရန်လျှောက်တာကို နားထားတာ။ မြေချပါမစ် အမည်ပေါက်တွေက ဂရန်လျှောက်ထားလို့ ရတယ်။”
မြေချပါမစ်ကနေ မြေငှားစာချုပ် (အိမ်ဂရန်) ပြောင်းလဲလျှောက်ပါက ပုံမှန်အားဖြင့် ၆ လမှ ၈ လ ကြာမြင့်ပြီး ကုန်ကျစရိတ်မှာ လက်ရှိစျေးနှုန်းအရ ကျပ် သိန်း ၁၀၀ ကျော်နီးပါး ကုန်ကျမယ်လို့ လျှောက်ထားခဲ့သူတွေဆီက သိရပါတယ်။











