DVB Logo
Home
မြန်မာသတင်း
ရှားတောမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ ဟုမ္မလင်းတွင် စစ်‌ကောင်စီတပ်တိုက်ခိုက်ခံရ
DVB
·
February 14, 2024
ရှားတောမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်၊ ဟုမ္မလင်းတွင် စစ်‌ကောင်စီတပ်တိုက်ခိုက်ခံရ
Donate to DVB

ကရင်နီပြည်နယ်၊ ရှားတောမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ KA၊ ကလလတနဲ့ ပူးပေါင်းတပ်တွေက ရှားတောမြို့က တခုတည်းကျန်ရှိတဲ့ စစ်တပ်ဘုရားကုန်းကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက် မနက် ၁၁ နာရီလောက်မှာ နယ်မြေရှင်းလင်းပြီးဖြစ်တယ်လို့ အဆိုပါနီးစပ်သူက ပြောပါတယ်။

ရှားတောမြို့က လက်ကျန် စစ်ကောင်စီ ဗျုဟာကုန်းစခန်းကို ကရင်နီတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး  မြို့ကို လုံးဝ ထိန်းချုပ်နိုင်လိုက်ပြီလို့ ကရင်နီတပ်မတော်ကလည်း အတည်ပြုပြောပါတယ်။

ရှားတောမြို့ရှိ စစ်ကောင်စီဗျူဟာကုန်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တလနီးပါး ဝန်းရံတိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၂ ရက်က စခန်းသိမ်းနိုင်ခဲ့ကာ မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့တာလို့ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဗျူဟာမှူးအပါအဝင် ၄၀ ကျော်သေပြီး မိသားစုဝင် ၂၀ ကျော် ဖမ်းမိတယ်လို့ ကရင်နီတပ်မတော်(KA)မှ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ရှားတောမြို့မှာ စစ်ကောင်စီဟာ စေတီကုန်းအောက်ခြေမှာ အခိုင်အမာတပ်စွဲထားတာဖြစ်ပြီး အခုအချိန်မှာတော့ ကရင်နီတော်လှန်ရေးတပ်တွေဟာ မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကာ ရှားတော၊ မယ်စဲ့၊ မော်ချီး ၊ ရွာသစ်မြို့တွေကိုပါ သိမ်းပိုက်ထားနိုင်တာပါ။

ရှားတောဗျူဟာကုန်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ လက်ဖြောင့်သေနတ်သမားတစ်ဦးက စစ်ကောင်စီ အရာရှိတွေ ပစ်ခတ်နိုင်ခဲ့တယ်လို့ တိုက်ပွဲဝင်အတွေ့အကြုံကို ဒီဗွီဘီကို  ပြောပြပါတယ်။

ရှားတောမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ဖို့ကြိုးစားနေတုန်းမှာ စစ်ကောင်စီလေတပ်ဟာ နေ့တိုင်း ဂျက်လေယာဉ်၊ ဗုံးကြဲလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသမှာ သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၃ စီးနဲ့ အင်အား ၆၀ ကျော်ကို စစ်ကူပို့ဆောင်ခဲ့ပေမဲ့ ကရင်နီတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ၄၀ ကျော်သေပြီး တချို့တဝက်ကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က ဗျူဟာမှူးအဆင့်ရှိသူ အပါအဝင် အယောက် ၄ဝ ထက်မနည်း စစ်သုံ့ပန်းတွေနဲ့ လက်နက်မျိုးစုံ အလက် ၁၅ဝ ဝန်းကျင်ခန့် ရရှိခဲ့တယ်လို့ ဆိုပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကလည်း အခုသိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီစခန်းကုန်းကို စစ်ကူလာရောက်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၄၉ က စစ်ရှောင်ပြည်သူ၊ အရွယ်မရောက်သေးတဲ့ ကလေး ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က‌နေ တမူးမြို့နယ်ဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီကားကို ဒေသခံ ကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က ဟုမ္မလင်း-အောင်ဇေယျ ကားလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ တမူးမြို့နယ် အောင်ဇေယျစစ်စခန်းက‌နေ ဆုတ်ခွာလာတဲ့ အမှတ် ၈၉ ခြေလျင်တပ်ရင်းက တပ်ဖွဲ့တွေကို စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ ပေးပို့ဖို့ လာခဲ့တာလို့ NUG က ပြောထားပါတယ်။

တမူး PDF ဌာနချုပ် တာဝန်ခံတဦးက “ဟုမ္မလင်း-အောင်ဇေယျ လမ်းပိုင်းမှာ တိုက်ခိုက်ခဲ့တာ။ ကျနော်တို့လည်း အဲ့လိုပဲသိထားပါတယ်။ ကျနော်တို့ အောင်‌ဇေယျစခန်းသိမ်းပြီးတော့ ရန်သူဘက်က ထွက်ပြေးသွားတဲ့ တပ်သားတွေကို လာကြိုတာကို ကြားဖြတ်တိုက်ခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီထိတွေ့မှု တိုက်ပွဲအတွင်းမှာ ရန်သူ့ထံက အလောင်း ၄ လောင်း၊ ပစ္စတို ၂ လက်၊ စက်သေနတ် ၃ လက်၊ လက်နက်ငယ် ၇ လက်၊ RPG ဗုံးသီး ၁၂ လုံး၊ ၇.၆၂ ကျည် ၄,၇၀၀ တောင့်၊ ၅.၅၆ ကျည် ၁၁,၉၀၀ တောင့်၊ ကာဘိုင်ကျည် ၉၈၀ တောင့်၊ သုံးမျိုးကျည် ၁၇၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို NUG လက်‌အောက်ခံ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့တွေက ဦးဆောင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အောင်ဇေယျ စစ်ကောင်စီတပ်စခန်းကိုတော့ ဖေဖော်ဝါရီ ၁၀ ရက်က ကူကီးအမျိုးသားလွတ်မြောက်ရေး တပ်မတော် အပါအဝင် ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဘက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013