DVB Logo
Home
မြန်မာသတင်း
ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်ဟု နိုင်ငံရေးပါတီများ သုံးသပ်
DVB
·
February 14, 2024
ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်ဟု နိုင်ငံရေးပါတီများ သုံးသပ်
Donate to DVB

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမကြာခင် ပြုလုပ်ပေးမယ်လို့ စစ်ခေါင်ဆောင်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်မှာ ကတိပေးပေမယ့် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးပါတီတွေကပြောပါတယ်။

ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးဖို့အတွက် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တိုင်းပြည် အရင်အခြေအနေ ပြန်ရောက်အောင် ဆောင်ရွက်နေသလို ဒါတွေကို အကောင်အထည် မြန်မြန်ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေဘက်ကလည်း ကူညီဆောင်ရွက်ပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ဖေဖော်ဝါရီ ၁၃ ရက် တွေ့ဆုံချိန်မှာ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်မှုတွေကို ရှင်းလင်းပြောဆိုပေမယ့် အောက်တိုဘာလမှာ လူဦးရေနဲ့ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ပြောဆိုထားတာကြောင့် ရွေးကောက်ပွဲက ဒီနှစ်ထဲဖြစ်ဖို့ မရှိဘူးလို့ အဲဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းကြည်က ပြောပါတယ်။

“အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံးဖြစ်အောင်၊ လွတ်လပ် တရားမျှတအောင် ရွေးကောက်ပွဲ မဖြစ်မနေ ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ ဒီဟာကို ပြင်ဆင်တဲ့ကာလလို့ သတ်မှတ်ပါတယ်။ သူတို့ မဖြစ်ဖြစ်အောင် သူတို့ကြိုးစားမယ်၊ လုပ်မယ်ပေ့ါ။ တိုင်းရုံးတွေကတော့ မပြောသေးဘူး။ ကျနော် ထင်တာ အောက်တိုဘာ နောက်ပိုင်းမှ သတ်မှတ်မယ် ထင်တယ်။ ရွေးကောက်ပွဲဥပဒေနဲ့ပတ်သက်ပြီး နည်းဥပဒေလုပ်ရင် ပါတီတွေ ခေါ်မယ်။ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ကြဖို့ လမ်းညွှန်ချက်ပေးတယ်ပေါ့ဗျာ။”

အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့  ရွေးကောက်ပွဲပြန်လုပ်ပေးပြီး အရပ်သားအစိုးရအသစ်ကို အာဏာလွှဲပေးမယ်လို့ ခဏခဏ ကတိပေးပြောဆိုပေမယ့် သာမန်မဟုတ်တဲ့ အခြေအနေအောက်မှာ ရှိမနေဘူးဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လိုသလိုအဓိပ္ပာယ်ဖွင့်ပြီး ၆ လ တကြိမ် သက်တမ်းတိုးပြီး နိုင်ငံတော်အာဏာကို ဆက်လက်ဆုပ်ကိုင်ထားတာဖြစ်ပါတယ်။

တိုင်းပြည်အတွင်းမှာဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေမှုတွေဟာ အာဏာသိမ်းတဲ့နေ့ကနေစပြီး ဒီကနေ့အချိန်ထိ ရပ်တန့်သွားခြင်းမရှိခဲ့ဘဲ လက်နက်စွဲကိုင် တော်လှန်တဲ့အထိ ဖြစ်ပေါ်လာခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ မြို့ရွာအများစုကို လက်လွှတ်ထားရပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြု ဆောင်ရွက်နေရတဲ့ အခြေအနေ ဖြစ်ပေါ်နေပါတယ်။

အဲဒါတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အာဏာသိမ်းကောင်စီဟာ စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်နေသလို စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့သူတွေ ပြန်လည် တာဝန်ထမ်းဆောင်နိုင်မယ့် အရန်တပ်ဖွဲ့ဥပဒေကိုလည်း ထုတ်ပြန်ကြေညာမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဒီလိုဆောင်ရွက်မှုတွေ လုပ်ဆောင်နေပေမယ့် အာဏာသိမ်းစစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို ဒီနှစ်ထဲမှာ ကျင်းပနိုင်ရေးက ဖြစ်နိုင်ခြေမရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရှိန်းထွန်းက သုံးသပ်ပါတယ်။

“၂၀၂၄-၂၀၂၅ ရွေးကောက်ပွဲရှိမယ်လို့တော့ စိတ်ထဲရှိမှာပေါ့လေ။ ကျင်းပဖို့တော့ မြေပြင် အနေအထားမှာ တော်တော်လေး ခဲယဉ်းတယ်။ ပါလီမန်ဒီမိုကရေစီခေတ်တုန်းက လုပ်လို့ရတဲ့ နေရာလေးတွေ ကွက်လုပ်ပြီး ကျင်းပသွားတဲ့ဖြစ်စဉ်တော့ ရှိခဲ့ဖူးတယ်။ ပါလီမန်ဒီမိုကရေစီခေတ် အခင်းအကျင်းနဲ့ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်းက မတူတော့ဘူး။ နိုင်ငံရေးရဲ့ ပါရာဒိုင်းမ်စ်တွေကလည်း ပြောင်းသွားပြီ။ စစ်မှုမထမ်းမနေရ ဥပဒေကလည်း ဥပဒေအနေနဲ့ ထုတ်ပြန်လိုက်တဲ့အနေအထားမှာ ဘက်ပေါင်းစုံက ကြည့်မယ်ဆိုရင် အတော်လေး ဂယက်ရိုက်တယ်။ ရွေးကောက်ပွဲက ကျင်းပဖို့ တော်တော်လေး ခဲယဉ်းသွားမယ်လို့ မြင်ပါတယ်။”

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် မှတ်ပုံပြင်တင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရှိနေပြီး ကြားကာလ အစိုးရတရပ် အမြန်ဆုံး ပေါ်ပေါက်လာရေးကိစ္စတွေကို ဆွေးနွေးကြဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013