DVB Logo
Home
မြန်မာသတင်း
လပွတ္တာတွင် စစ်ကောင်စီက ကိုဗစ်ချေးငွေကို ဖိအားပေး ခြိမ်းခြောက်တောင်းခံနေ
DVB
·
February 14, 2024
လပွတ္တာတွင် စစ်ကောင်စီက ကိုဗစ်ချေးငွေကို ဖိအားပေး ခြိမ်းခြောက်တောင်းခံနေ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ NLD ပါတီအစိုးရလက်ထက်က တောင်သူတွေကို ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေတွေကို မဆပ်ရင် တရားစွဲမယ်ဆိုပြီး ဖိအားပေး ခြိမ်းခြောက် တောင်းနေတာကြောင့် ဒေသခံတွေ အခက်တွေ့နေကြပါတယ်။

အဲ့ဒီ ကိုဗစ်ချေးငွေ အကြွေးကျန်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထား ပေးဆပ်ကြဖို့နဲ့ ပြန်ဆပ်ဖို့ ပျက်ကွက်ပါက လူကိုဖမ်းဆီးပြီး ဘဏ်တည်ဆဲဥပဒေနဲ့ အရေးယူသွားမယ်လို့ ဒေသခံတွေကို စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ယူ ပြောဆိုနေတာလို့ လပွတ္တာမြို့နယ်က ဒေသခံ လယ်သမားတယောက်က ပြောပါတယ်။

“ကြောက်လို့ ရှာဖွေ ပေါင်နှံပြီး ဆပ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ပြန်မဆပ်နိုင်သူတွေလည်း မနည်းဘူး။ မဆပ်ရင် အရေးယူဖို့ လူကို ဖမ်းရလိမ့်မယ်လို့ ပြောတာ။ ဒီကိုဗစ်ချေးငွေက အတိုးမရှိပါဘူး။ ခုကျတော့ အဲ့ငွေလည်း အတိုးတွေပါ ထည့်တောင်းနေတာ။ စပါးဈေး ကောင်းပေမယ့် စပါးအထွက်လျော့တယ်၊ ဒါ့ကြောင့် ပြန်မဆပ်နိုင်သေးတာပါ၊ အတိုးပေးလိုက်ရတယ်။”

အခု ဖိအားပေး အတောင်းခံနေရတဲ့ ချေးငွေဟာ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် ကျဆင်းခဲ့တဲ့ စီးပွားရေးတွေ ပြန်လည်ဦးမော့နိုင်ဖို့အတွက် လယ်သမားတွေကို ချေးပေးခဲ့သော အထူးချေးငွေ ဖြစ်တယ်လို့ သိရပါတယ်။

“စပါးဈေး ကောင်းတာပဲ သိကြတာ၊ တောင်သူတွေ အကြွေးပတ်လည်ဝိုင်းနေတာ။ အရင်က စပါးဈေး အခုလောက်မကောင်းပေမဲ့ အဆင်ပြေတယ်။ အခုက ရာအိမ်မှူးကလည်း ဟောက် ဆယ်အိမ်မှူးကလည်း ဟောက်တာ ခံနေရတာ ပထွေးအားကိုးနဲ့လေ။ ပြောသွားသေးတယ် ဆပ်ဖြစ်အောင်ဆပ်ကြ၊ အရေးယူခံရလိမ့်မယ်၊ အခုတခါကတော့ ညှာနေမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်သွားသေးတယ်။”

NLD ပါတီ အစိုးရလက်လက် အုပ်ချုပ်ရေးမှူးတယောက်က “တောင်သူတွေကို စကစ လက်အောက်ခံတွေ အတင်းတောင်းနေတဲ့ ကိုဗစ်ချေးငွေတွေက NLD အစိုးရလက်ထက်က ချေးထားခြင်းဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီက တရားဝင်အစိုးရ မဟုတ်တဲ့အတွက် ပေးဆပ်ဖို့မလိုပါဘူး။ သို့သော် တောင်သူတွေက နီးရာဓားကြောက်နေရတာကြောင့် ဆပ်နေရတာ ဖြစ်တယ်။ ဒါပေမဲ့ မဆပ်လည်း ဘာမှမဖြစ်ပါဘူး။ သူတို့က ပြည်သူကို ဖမ်းမယ်ဆီးမယ် ပုံစံအမျိုးမျိူးနဲ့ ခြောက်လှန့်နေတာ။ ဖမ်းရင် တတိုင်းလုံးက တောင်သူတွေကို သူတို့ဖမ်းရမှာ” လို့ ပြောပါတယ်။

အဲ့ဒီချေးငွေကို ပြန်လည်ပေးဆပ်ရမယ့်ကာလ သတ်မှတ်ထားခြင်း မရှိပေမဲ့ စစ်ကောင်စီ လက်အောက်ခံ စိုက်/ဘဏ်ဝန်ထမ်းတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေး ခြိမ်း‌ခြောက်တောင်းခံနေတာလို့ ဒေသခံ လယ်သမားတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့နှစ် မိုးစပါး စတင်စိုက်ပျိုးချိန်က ဓာတ်မြေဩဇာတွေ အဆမတန်ဈေးတက်ခဲ့တာ၊ ဒီဇယ်၊ ဓာတ်ဆီတွေ ဈေးတက်ပြီး ဝယ်မရတဲ့အထိ ဖြစ်ခဲ့တာ၊ စပါးအပင်ဖျက် ရွှေခရုတွေ ကျရောက်ခဲ့တာ စတဲ့ အခက်ခဲအကျပ်တည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တောင်သူအများစုမှာ အရှုံးပေါ်ခဲ့ကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013