DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်မှုထမ်းဥပဒေ လုံးဝလိုက်နာစရာမလိုဟု NUG ကြေညာ 
DVB
·
February 14, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေ လုံးဝလိုက်နာစရာမလိုဟု NUG ကြေညာ 
Donate to DVB

စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တရားဝင်မှု အလျဉ်းမရှိသလို ပြည်သူလူထုတွေအနေနဲ့လည်း  လုံးဝ လိုက်နာစရာ မလိုတဲ့အကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က ထုတ်ပြန်ကြေညာပါတယ်။  

ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်ကစပြီး  အာဏာတည်စေရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတဲ့အပေါ်   NUG အစိုးရက ဖေဖော်ဝါရီ ၁၃ ရက်မှာ သဘောထား  ထုတ်ပြန်လိုက်တာပါ။

အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးပမ်းနေတဲ့ တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်လို့ ဥပဒေပြဋ္ဌာန်း၊ အာဏာတည်အောင်ဆောင်ရွက်ဖို့ အခွင့်အာဏာလုံး၀ မရှိကြောင်း၊ ဒီဥပဒေကို  အာဏာတည်စေရမယ်လို့ ထုတ်ပြန်လာတာဟာ တရားဝင်မှု အလျဉ်းမရှိတဲ့ လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ လုံးဝ လိုက်နာရန်မလိုဘူးလို့ NUG က ကြေညာပါတယ်။

နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ဖို့နဲ့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူဖို့ အခုလို လုပ်ဆောင်တာလို့ ဆိုပါတယ်။

ဒီဥပဒေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ် မှန်သမျှနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဒီဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထု ကြုံတွေ့လာတဲ့ ဘေးဒုက္ခတွေ လျော့နည်းစေဖို့ NUG အနေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းပြီး လိုအပ်တဲ့ ကာကွယ်မှု၊ ကူညီပံ့ပိုးမှုတွေလုပ်သွားမယ်လို့ NUG က ဆိုပါတယ်။

တရားမဝင်စစ်အုပ်စုရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအား အသက်သွင်းဖို့ ကြိုးစားအားထုတ်မှုဟာ ဥပဒေအရ ဆောင်ရွက်ပိုင်ခွင့်မရှိရုံမျှမက အာဆီယံဘုံသဘော တူညီချက်အပါအဝင်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တိုက်တွန်းချက်တွေကိုပါ ပြောင်ပြောင်တင်းတင်း မထေမဲ့မြင် ပြုလိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သီးခြားထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ထပ်မံကျူးလွန်ဖို့ အသင့် ရှိနေကြောင်း ထပ်မံဖော်ပြလိုက်တဲ့ သက်သေသာဓကလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲရလဒ်အဖြစ် ဒေသတွင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေကို ထပ်လောင်း ဖန်တီးလိုက်တာဖြစ်လို့  အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ထိရောက်စွာ တားဆီးနိုင်မယ့် အရေးယူဆောင်ရွက်မှုတွေ အမြန်ဆုံးဆောင်ရွက်ဖို့ နိုင်ငံတကာ အသိုက်အဝန်းကို NUG အစိုးရက တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ တာဝန်ရှိကြောင်း ပြောကြားထားပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို မကြာမီပြုလုပ်သွားမှာဖြစ်ပြီး သင်တန်းအပတ်စဥ်တခုကို လေးလကြာမြင့်မှာဖြစ်ကာ တနှစ်လျှင် သုံးကြိမ်ပြုလုပ်သွားမယ့် အကြောင်းနဲ့   စစ်မှုထမ်းဆောင်မယ့်သူတွေကို လစာနဲ့ရိက္ခာထောက်ပံ့ပေးမယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်ရုပ်သံကနေ  ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013