DVB Logo
Home
မြန်မာသတင်း
ပြည်သူများအတွက်  ဒီဂျစ်တယ်လုံခြုံရေး စိုးရိမ်စရာဖြစ်လာ
DVB
·
February 13, 2024
ပြည်သူများအတွက်  ဒီဂျစ်တယ်လုံခြုံရေး စိုးရိမ်စရာဖြစ်လာ
Donate to DVB

စစ်မှုမထမ်းမနေရ ဥပဒေအသက်ဝင်လာတာနဲ့ စစ်ကောင်စီက  ပြည်သူလူထုထံက လက်ဗွေနဲ့ Biometric data ကောက်ယူထားတဲ့ အခြေအနေဟာ  မြန်မာပြည်သူတွေအတွက်  ဒီဂျစ်တယ်လုံခြုံရေး စိုးရိမ်စရာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။

နအဖ စစ်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်တုန်းက ပြဋ္ဌာန်းထားခဲ့တဲ့  ပြည်သူ့စစ်မှုထမ်းဥပဒေကို  အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာစတင် အသက်ဝင်တဲ့အကြောင်း စစ်ခေါင်းဆောင်က ထုတ်ပြန်လိုက်ပါတယ်။

အခုလိုအတင်းအကျပ် စစ်မှုထမ်းစေခိုင်းတဲ့ကိစ္စမှာ Biometric data အချက်အလက်တွေအပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံငုံထားနိုင်တဲ့ national database က ပိုစိတ်ပူစရာကောင်းတယ်လို့ ကမ္ဘာတဝန်း ဒီဂျစ်တယ်နဲ့ ပြည်သူ့အခွင့်အရေးဆိုင်ရာ တိုးမြှင့်ရေးနဲ့ ကာကွယ်ရေးအဖွဲ့ Access now ရဲ့ မြန်မာနိုင်ငံတာဝန်ခံ မဝေဖြိုးမြင့်က သုံးသပ်ပါတယ်။

“ဒီစစ်မှုထမ်းဖို့ အမိန့်ထုတ်ပြန်တဲ့ကိစ္စမှာတော့ ကျမအနေနဲ့ကတော့ ဒီ  biometric date နဲ့ ချိတ်ဆက်ပြီးတော့ လူထုက စိုးရိမ်မှု အရမ်းအများသွားမယ့် အပိုင်းကိုတော့ ကျမစိုးရိမ်တယ်။ ကျမတို့က ဒီ biometric data အပြင် တခြားကျမတို့ စိုးရိမ်ရတဲ့ ဒေတာ ၂၀၂၂ ကတည်းက စခဲ့တဲ့ဟာရှိတယ် အဲတာသူတို့က national database လို့ ခေါ်ပြီးတော့ အထူးသဖြင့် လဝက အောက်မှာရှိတဲ့ ဒေတာအချက်အလက်တွေ အကုန်လုံးကို ကွန်ပျူတာစနစ်ထဲမှာ သွင်းတာ ၂၀၂၂ ကတည်းက အဲတာကို အားသွန်ခွန်စိုက်လုပ်နေတာ၊ ဆိုတဲ့အခါကျတော့ ကြည့်လိုက်ရင် ၂၀၂၃ အကုန်လောက်မှာ သူတို့က တနိုင်ငံလုံးရဲ့ ဒေတာပေါ့နော် သူတို့ ကွန်ပျူတာစနစ်ထဲမှာ သွင်းပြီးသားဖြစ်တယ်လို့ ကျမတို့ နားလည်လို့ရတယ်ပေါ့။ အဲတာ ၅၂ သန်း သွင်းထားပြီးသားလို့ သူတို့ ကြေညာ တာရှိတယ်၊ နောက် အိမ်ထောင်စုအနေနဲ့ကလည်း အိမ်ထောင်စုဇယား ၁၆ သန်းလောက် သူတို့ သွင်းထားပြီးသား  ရှိတယ်လို့ ကြေညာထားတာရှိတယ်။”

Biometric data ကောက်ယူမှုကို စစ်ကောင်စီက ၂၀၂၃ နှစ်စကတည်းက ကြိုးပမ်းခဲ့ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ ဝန်ထမ်းတွေနဲ့ ပိုင်းလော့ ပရောဂျက်အဖြစ် လူဦးရေ  ၂၁ သိန်းသာ ကောက်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

တချို့ လူလတ်ပိုင်းတွေကတော့ ဒီဂျစ်တယ်လုံခြုံရေးထက်  အကြောင်းအရင်းမရှိ ရုတ်တရက် ခေါ်ဆောင်သွားတာမျိုးတွေ ဖြစ်လာမှာကိုပဲစိတ်ပူတယ်လို့ ဆိုပါတယ်။

“အရမ်းကြီးစိတ်ပူတာမျိုးတော့မရှိပေမဲ့ လုံခြုံမှုမရှိဘူးလို့တော့ ခံစားရတယ်။ ကျနော်တို့ဒေတာတွေက သူတို့ဆီ ပုံစံမျိုးစုံနဲ့ရောက်နေမှာဆိုတာလည်း သေချာတယ်၊ အခုလိုအခြေအနေမျိုးမှာ သူတို့အတွက်အချိန်လည်း သိပ်မရှိတော့တာဆိုတော့ ဒီဟာအပေါ်မှာ အရမ်းကြီး အားကိုးနေမှာမဟုတ်ဘူးလို့ ယူဆလို့ပါ၊ ထွေထွေထူးထူး ခံစားနေရတာတော့ မရှိပါဘူး။ စစ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့အခွင့်အရေးတွေ အကုန်လုံးက ချိုးဖောက်ခံရပြီးသား ဖြစ်နေလို့ပါ။”

စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ကျော်လာချိန်မှာတော့ အဘက်ဘက်က အခွင့်အရေးတွေ ချိုးဖောက်ခံနေရတဲ့ ပြည်သူလူထုရဲ့ ဒီဂျစ်တယ်ဆိုင်ရာ အခွင့်အရေးကလည်း လုံခြုံမှုမရှိတော့တဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ လိုအပ်နေပြီလို့ မဝေဖြိုးမြင့်က ဆက်ပြောပြပါတယ်၊

“ဒီနေ့အထိ နိုင်ငံတကာက ဖိဖိစီးစီး အသံထွက်တဲ့ဟာတော့ မရှိသေးဘူးပေါ့နော်။ ခုခံကာကွယ်ဖို့ အခက်အခဲဖြစ်တဲ့ အခြေအနေဆိုတော့ ကျမတို့က ဒီအပိုင်းမှာ‌တော့ နိုင်ငံတကာအဖွဲ့တွေကို ပိုပြီးတော့ တွန်းချင်တယ်။ အသံချက်ချင်း ထွက်ပေးဖို့ပေါ့။ ကျမတို့တွေရဲ့ ပုံမှန် ဒီဂျစ်တယ် လုံခြုံရေးကိစ္စတွေရော မြေပြင်လုံခြုံရေး ကိစ္စတွေရောက ပြည့်စုံလုံလောက်တဲ့အနေအထားမရှိတော့ဘူးအခုက။ ဒီ စကစက လုပ်ချင်ရင် လုပ်လို့ရတဲ့ အနေအထား ဖြစ်လာတဲ့အခါကျတော့ နိုင်ငံတကာက ဝိုင်းပြီးတော့ ဒီစကစကို ဖိအား ဝိုင်းပေးဖို့ လိုအပ်တဲ့ အနေအထား ရောက်ပြီလို့ ကျမကတော့ သုံးသပ်ပါတယ်။”

စစ်ကောင်စီက လူထုကို စောင့်ကြည့်နောက်ယောင်ခံဖို့အတွက်  မိုဘိုင်းဖုန်းတွေရဲ့ SIM Database ၊ မှတ်ပုံတင် သန်းခေါင်းစာရင်းကောက်ယူမှုတွေလို National database နဲ့ ဘဏ်အကောင့်တွေနဲ့ သက်ဆိုင်တဲ့ Financial database စတဲ့ database သုံးခုကို အပြန်အလှန်ကိုးကားနိုင်ဖို့အတွက် ပြိုင်တူတည်ဆောက်နေတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ထိ မိုဘိုင်းဖုန်းဆင်းကတ် သန်း ၇၀ ကျော်မှတ်ပုံတင်ထားပြီး ဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013