DVB Logo
Home
မြန်မာသတင်း
မလေးရှား၏ ဒုက္ခသည် မူဝါဒအပြောင်းအလဲကြား မြန်မာဒုက္ခသည်များ စိုးရိမ်
မြတ်သဇင်
·
July 27, 2026
Photo: UNHCR Malaysia
Photo: UNHCR Malaysia
Donate to DVB

မလေးရှားက မြန်မာနိုင်ငံသား ၅,၀၀၀ လောက်ကို နေရပ်ပြန်ပို့မဲ့ အစီအစဉ်နဲ့ ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းထားဖို့ မလေးရှားအစိုးရက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို တောင်းဆိုထားတဲ့ ကိစ္စရပ်တွေကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြား စိုးရိမ်ပူပန်နေကြပါတယ်။

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ လောက်ကိုကို မလေးရှားရေတပ်သင်္ဘောတွေ အသုံးပြုပြီး နေရပ်ကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ မလေးရှားသတင်းဌာန Free Malaysia Today မှာ ဖော်ပြပါတယ်။

ဒီလိုမျိုး ပို့ဆောင်တာတွေဟာ အရင်ကလည်း ရှိခဲ့ဖူးပြီး မလေးရှားအစိုးရဟာ ၂၀၂၁ ခုနှစ်က တရားရုံးရဲ့ တားမြစ်အမိန့်ရှိနေချိန်မှာပဲ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ကို ပြန်ပို့ခဲ့ဖူးပြီး အဲဒီအထဲမှာ ခိုလှုံခွင့်တောင်းခံသူတွေနဲ့ UNHCR မှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်တွေ ပါဝင်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

အခုလို နေရပ်ပြန်ပို့ခံရမဲ့ မြန်မာနိုင်ငံသားတွေဟာ အဓမ္မ စစ်မှုထမ်း စုဆောင်းခံရဖို့ ရာခိုင်နှုန်းများတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားရေးရာနဲ့ ဒုက္ခသည်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုမင်းထိုက်က သုံးသပ်ပါတယ်။

“အရင်တုန်းကလည်း ဒီလိုမျိုး လုပ်ခဲ့တာပါပဲ။ အရင်တုန်းကလည်း ခေါ်သွားပြီးတော့ သတင်းအစအနပျောက်၊ တချို့တလေပေါ့နော်၊ လူနည်းစုလောက်ပဲ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ ပြောရမယ်ဆိုရင်တော့ နည်းနည်းတော့ နားခါးတာပေါ့၊ သူတို့ မလိုချင်တဲ့သူကိုပဲ အိမ်ပြန်လွှတ်တဲ့ အနေအထားမှာ ရှိတယ်လို့ ကျနော် အဲလိုပဲ ယူဆတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့ အတင်းအဓမ္မ စစ်မှုထမ်းတဲ့ ကိစ္စတွေကို အသက်အရွယ်ပြည့်တဲ့ လူငယ်တော်တော်များများက အကုန်လုံး ဒီနိုင်ငံကိုပဲ ထွက်ပြေးလာတယ်လေ။ ထိုင်း၊ မလေး၊ တချို့သော နေရာဒေသတွေမှာ လူငယ်တွေ မရှိတော့ဘူးလို့ ရွာသူရွာသားတွေက ကျနော်တို့ကို ပြောပြတယ်။ အဲ့အခါကျတော့ သူတို့တွေက ဟိုမှာက လိုချင်တဲ့ လူဦးရေ မပြည့်မီတော့လို့ ဒီလိုမျိုး အစီအစဉ်ကို ကောက်လုပ်တယ်လို့ အဲလိုမျိုးပဲ တွေးမိတယ်။”

ဒီလို နေရပ်ပြန်ပို့မဲ့ အစီအစဉ်တွေ ရှိနေတဲ့အပြင် မလေးရှားနိုင်ငံမှာ ဒုက္ခသည် စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့အတွက် UNHCR ရဲ့ ဒုက္ခသည်အသစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းထားပေးဖို့ မလေးရှားအစိုးရက တောင်းဆိုထားကြောင်း မလေးရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ဇူလိုင် ၂၃ ရက်က အထက်လွှတ်တော်မှာ ပြောကြားခဲ့တာကြောင့် မလေးရှားမှာ ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေဟာ စိုးရိမ်နေကြတယ်လို့ Myanmar Affairs Alliance အဖွဲ့မှ ကိုစိုးထက်သိန်းက ပြောပါတယ်။

“ပြည်ပကို ထွက်ပြေးတိမ်းရှောင်ရတယ်ဆိုတဲ့ သူတွေက ပတ်စ်ပို့လုပ်နိုင်တဲ့ အခွင့်အရေး မရှိဘူး။ CDM တွေ၊ နိုင်ငံရေးသမားတွေမှ မဟုတ်ဘူး၊ ၅ မျဉ်းစောင်းတို့ စစ်ကိုင်း၊ မ‌ကွေးဘက်က လာတဲ့သူတွေဆိုရင်တောင်မှ ပတ်စ်ပို့ မလုပ်ပေးဘူးလို့ သူတို့က ငြင်းလွှတ်လိုက်တာကိုးဗျ။ အဲဒီတော့ အဲလိုအနေအထားမှာ မြန်မာတွေအနေနဲ့ တရားဝင် နေထိုင်ချင်ပေမဲ့ တရားဝင် နေထိုင်လို့က မရဘူး။ မရတဲ့အခါကျတော့ ကျနော်တို့ အထောက်အထားမဲ့တဲ့ ဒုက္ခကိုရောက်တော့ ကျနော်တို့ UNHCR ကို သွားပြီး ဒုက္ခသည်အဖြစ်နဲ့ လျှောက်ကြရတာပေါ့။ အခု ဒုက္ခသည်အဖြစ်နဲ့ လျှောက်တဲ့ အနေအထားမှာလည်း ထပ်ပြီးတော့မှ ပိတ်ပင်ခံရတဲ့ အနေအထားမျိုးတွေရှိတော့ ကျနော်တို့ ပြည်ပရောက် စစ်ဘေးရှောင်တွေ၊ နိုင်ငံရေးအရ ဖိနှိပ်ညှဉ်းပန်းနှိပ်စက်ခံရတဲ့သူတွေပေါ့၊ ဒီလိုလူတွေအတွက် မျှော်လင့်ချက် တော်တော်မဲ့သွားတာပေါ့ဗျာ။”

UNHCR ကို ၂၀၂၄ က ဒုက္ခသည်အဖြစ် လျှောက်ထားတဲ့ CDM ဝန်ထမ်းတယောက်ကတော့ အခုထိ လျှောက်ထားဆဲဖြစ်ပြီး ဒုက္ခသည်မှတ်ပုံတင် မရရှိသေးတာကြောင့် အခုလို အဖမ်းအဆီးကြမ်းတဲ့ အချိန်မျိုးမှာ အခက်အခဲတွေ အများကြီး ကြုံနေရတယ်လို့ ဆိုပါတယ်။

“ညဘက်ဆိုရင်လည်း ကောင်းကောင်းလည်း အိပ်မပျော်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖမ်းအဆီး ဘာညာ သတင်းကြားရင် အခန်းမှာ မအိပ်ရဲဘူးလေ၊ အပြင်မှာ သွားရှောင်နေရတာပေါ့။ အစ်မဆိုရင် ကလေးလေး ၁၁ လသားအရွယ် ကလေးရှိတယ်လေ။ အစ်မကကျတော့ တကယ်လို့များ အဖမ်းအဆီးထဲ ပါသွားရင် မြန်မာပြည် ပြန်ပို့ရင်လည်း အစ်မက CDM ဝန်ထမ်းတယောက် ဖြစ်တဲ့အတွက် ပြန်ရမှာလည်း ကြောက်တာပေါ့နော်။ တကယ်လို့ ဖမ်းခံရမယ်ဆိုရင်ပေါ့။ အစ်မက သာမန်လူမဟုတ်တဲ့အတွက်။”

မလေးရှားအစိုးရဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက စပြီး DPP လို့ခေါ်တဲ့ ကိုယ်တိုင် ဒုက္ခသည် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဖို့ စီစဉ်နေတာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရသူတွေကို စိစစ်ပြီး ဒုက္ခသည်အဖြစ် အရည်အချင်း ပြည့်မီသူ ၇၀ ကျော်ကို DPP စာရင်းသွင်းခဲ့တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

မလေးရှားအစိုးရဟာ အခုလို ဒုက္ခသည်တွေကို ကိုယ်တိုင် စီမံခန့်ခွဲဖို့ လုပ်နေတာနဲ့ ပတ်သက်ပြီး မလေးရှားရောက် မြန်မာဒုက္ခသည်တွေအတွက် ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေက သုံးသပ်ကြပါတယ်။

DPP အရ တရားဝင်နေထိုင်မှုတွေ ရရှိနိုင်သလို အလုပ်လုပ်ကိုင်ခွင့်တွေ ရရှိတာမျိုး၊ ယာဉ်မောင်းလိုင်စင် လျှောက်ထားနိုင်မှု၊ ဘဏ်အကောင့်ဖွင့်နိုင်တာမျိုး စတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်သလို တဖက်မှာလည်း မလေးရှားမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေထဲ လုံခြုံရေးအခြေအနေအရ သတိထားရမဲ့သူတွေအတွက် ကိုယ်ရေးအချက်အလက် ပေါက်ကြားနိုင်မဲ့ အန္တရာယ်တွေအပေါ် စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။

မလေးရှားမှာ တရားမဝင် နေထိုင်နေကြရတဲ့ သို့မဟုတ် UNHCR ကတ်မရသေးတဲ့ မြန်မာတွေအနေနဲ့ လက်ရှိအချိန်မှာ ဖမ်းဆီးမခံရရေးနဲ့ လုံခြုံရေးအတွက် အထူးဂရုစိုက်ကြဖို့ကိုလည်း NLD OC International Malaysia ရုံးအဖွဲ့က အတွင်းရေးမှူး ကိုသန်းထွန်းအောင်က တိုက်တွန်းထားပါတယ်။

“ကိုယ့်မှာ ဘာမှအထောက်အထားမှ မရှိဘူးဆိုလို့ရှိရင် မလိုအပ်တဲ့နေရာတွေကို မသွားပါနဲ့။ မိမိအိမ်မှာ မိမိတို့ လုံလုံခြုံခြုံနေကြပါ၊ လိုအပ်မှ အပြင်ကို ထွက်ပါ။ နောက်တခုက ကျနော်တို့ မြန်မာတွေအနေနဲ့ မလေးရှားမှာ ရောက်နေပြီဆိုလို့ရှိရင် မလေးရှားနိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံ ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ် ဒါလေးတွေကိုလည်း သိစေချင်တယ်။ ပတ်ဝန်းကျင်ကို ဆူညံအောင် မလုပ်ပါနဲ့။ သနပ်ခါးလူးပြီး အပြင်သွားတာတို့ ကွမ်းတွေဘာတွေ စားပြီး ပစ်စလက်ခတ် ထွေးတာမျိုးတွေ၊ မြန်မာရိုးရာဝတ်စုံကြီးတွေနဲ့ လျှောက်သွားတာမျိုးတွေပေါ့။ ဒီနိုင်ငံသားတွေကို မျက်စိဆံပင်မွေးစူးမဲ့ အရာမျိုးတွေကို ကျနော်တို့ အထူးသတိထား ရှောင်ကြဉ်စေချင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဒီ မလေးရှားမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဘေးအန္တရာယ် ကင်းရှင်းဖို့အတွက် ကျနော် ဒီကနေပြီးတော့ အားလုံး ဆုတောင်းပေးပါတယ်ဗျ။”

UNHCR ရဲ့ အဆိုအရ ဖေဖော်ဝါရီလကုန်အထိ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူပေါင်း ၂၁၅,၆၀၀ ခန့်ရှိပြီး ထက်ဝက်ကျော်ကတော့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်‌။

မလေးရှားနိုင်ငံဟာ ၁၉၅၁ ကုလသမဂ္ဂ ဂျီနီဗာ ကွန်ဗင်းရှင်း သတောတူညီချက်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတာကြောင့် ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့် စတာတွေကို ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013