DVB Logo
Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်ရေး သမ္မတ ဘိုင်ဒင် ကြိုးပမ်း၊ ရာဖာမြို့ကို မတိုက်ခင် အစ္စရေး စဉ်းစားသင့်ဟု ဗြိတိန်ပြော
DVB
·
February 13, 2024
ဂါဇာ အပစ်ရပ်ရေး သမ္မတ ဘိုင်ဒင် ကြိုးပမ်း၊ ရာဖာမြို့ကို မတိုက်ခင် အစ္စရေး စဉ်းစားသင့်ဟု ဗြိတိန်ပြော
Donate to DVB

ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမတ်စ် သီတင်း ၆ ပတ်ကြာ အပစ်ရပ်ရေးအတွက် အမေရိကန်က ကြိုးပမ်းနေတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်မှာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ တွေ့ဆုံအပြီးမှာ ဘိုင်ဒင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကာလရှည် မဟာမိတ်နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ဂါဇာတောင်ပိုင်း ရာဖာမြို့ကိုသာ အစ္စရေးက မြေပြင်ထိုးစစ်ဆင်လာခဲ့ရင် အရပ်သားတွေ ကြုံရနိုင်တဲ့ အတိဒုက္ခတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ သူ့အကြံပေးချက်ကို မျက်ကွယ်ပြုထားတဲ့အပေါ် မကျေမနပ်ဖြစ်နေတဲ့ ဘိုင်ဒင်က ဒေသတွင်း မဟာမိတ်နိုင်ငံတွေနဲ့ လက်တွဲပြီး ဂါဇာက ဓားစာခံတွေ ပြန်လွတ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ တိုးပေးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

“ဒီအတိုင်းဆက်ဖြစ်နေတာကို ရပ်ကြည့်ဖို့ မဖြစ်နိုင်ပါဘူး။ ကြာရှည်တည်တံ့တဲ့ အပစ်အခတ် ရပ်စဲမှုမျိုး အခု လိုအပ်နေပါတယ်။ ဒီစစ်ပွဲက အဆုံးသတ်မှရမယ်” လို့ ဘိုင်ဒင်က ပြောပါတယ်။

ဘိုင်ဒင်ဟာ တနင်္ဂနွေနေ့ကလည်း နေတန်ယာဟုနဲ့ ဖုန်းပြောခဲ့ပြီး ရာဖာမှာ ခိုလှုံနေတဲ့ လူတသန်းကျော်အတွက် ခိုင်မာပြီး အလုပ်ဖြစ်တဲ့ ဘေးကင်းရေးအစီအစဉ် မရှိဘဲ မြေပြင်ထိုးစစ် မစတင်သင့်ဘူးလို့ သတိပေးထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကတော့ ရာဖာမြို့မှာ နောက်ထပ်အရေးယူဆောင်ရွက်ချက် တစုံတရာမလုပ်မီ အစ္စရေးနိုင်ငံအနေနဲ့ ရပ်တန့်ပြီး အလေးအနက် စဉ်းစားသင့်တယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ရာဖာမြို့ဟာ ဂါဇာက အရပ်သားတသန်းလောက်ရဲ့ နောက်ဆုံးခိုလှုံရာ ဖြစ်လာပါတယ်။

ရာဖာမြို့ရဲ့ အခြေအနေတွေနဲ့ အစ္စရေးနိုင်ငံဟာ နိုင်ငံတကာဥပဒေထက် ကျော်လွန်သွားခြင်း ရှိမရှိကို မေးမြန်းရာမှာ ကင်မရွန်းက သတင်းထောက်တွေကို ခုလိုပြောခဲ့တာပါ။

“ဒီလူတွေကြားထဲမှာ စစ်ပွဲကို ဘယ်လိုတိုက်နိုင်မလဲဆိုတာ မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်ထင်ပါတယ်။ သူတို့သွားစရာနေရာမရှိဘူး” လို့ ကင်မရွန်းက ပြောခဲ့ပါတယ်။

ဂါဇာစစ်ပွဲ လေးလကျော် ကြာပြီးတဲ့နောက် မြေထဲပင်လယ်ဒေသက လူနေထူထပ်တဲ့ ကမ်းမြောင်အတွင်း ကုန်းမြေအများစုဟာ ပျက်စီးနေပါပြီ။

ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်း ၂၈,၃၄၀ ဦးသေဆုံးပြီး ၆၇,၉၈၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေး တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဓားစာခံ ၃၁ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပေမဲ့ အစ္စရေးဝန်ကြီးချုပ်က တနင်္လာနေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်ရေးဖိအားတွေ ဆက်ရှိနေသင့်ပြီး ရာဖာကို မြေပြင်ထိုးစစ်ဆင်ဖို့ နိုင်ငံတကာ သတိပေးချက်တွေကို ဘေးဖယ်ထားလိုက်တယ်လို့ ပြောခဲ့ပါတယ်။

ဟားမတ်စ်စစ်သွေးကြွတွေဟာ အောက်တိုဘာ ၇ ရက် ကျူးကျော်မှုအတွင်း အစ္စရေး တောင်ပိုင်းက အရပ်သားအများစုပါတဲ့ လူ ၁,၂၀၀ ကျော်ကို သတ်ခဲ့တယ်လို့ အစ္စရေး စာရင်းဇယားတွေက ဆိုပါတယ်။

အစ္စရေးက ဟားမတ်စ်စစ်သွေးကြွ ၁၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး တပ်ရင်း လေးပုံသုံးပုံကို ဖယ်ရှားခဲ့တယ်၊ တပ်ရင်းလေးခုက ရာဖာမြို့မှာ ရှိနေခဲ့တယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013