DVB Logo
Home
မြန်မာသတင်း
ကျပ်သိန်းရာချီယူကာ ဂျပန်ပို့ပေးမည်ဆိုပြီး ထိုင်းတွင် နှစ်လုံးပေါက်စောင့်ခိုင်းသည့် မြန်မာပွဲစား ဖမ်းဆီးခံရ
DVB
·
August 26, 2026
Photo: AAC
Photo: AAC
Donate to DVB

မြန်မာနိုင်ငံက ဘွဲ့ရပညာတတ်လူငယ်တွေကို  ဂျပန်နိုင်ငံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ကျပ်သိန်း ရာနဲ့ချီ ယူထားပေမဲ့ ထိုင်းမှာပဲ နှစ်နဲ့ချီ စောင့်ဆိုင်းခိုင်းတဲ့ မြန်မာပွဲစားကို ထိုင်းရဲအကူအညီနဲ့ ဖမ်းဆီးလိုက်တယ်လို့  AAC မဟာမိတ်အဖွဲ့ က ပြောပါတယ်။

မြန်မာမိန်းကလေးတယောက်ဟာ ဂျပန်မှာ အလုပ်ရဖို့အတွက် ပွဲစားကို ဝန်ဆောင်ခ ကျပ်သိန်း ၁၆၀ ပေးခဲ့ရပြီး ဘန်ကောက်မှာ ကိုယ့်စရိတ်နဲ့ကိုယ် အကုန်ခံကာ တနှစ်လုံး စောင့်ခဲ့ရတယ်၊ ပြီးခဲ့တဲ့ အပတ်မှာတော့ သူ့ကို အဖော်လုပ်ပေးတဲ့ ပွဲစားကပို့ထားတဲ့ အမျိုးသမီး မပြောမဆို ပျောက်သွားတာကြောင့် အလိမ်ခံရပြီ ဆိုပြီး သူတို့အဖွဲ့အစည်းထံ ဆက်သွယ်တိုင်ကြားလာတာလို့  မြန်မာလုပ်သားအရေး ဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက DVB ကို ပြောပါတယ်။

“ထိုင်းကို ဆိုက်ရောက်ဗီဇာနဲ့ အရင်ဝင်လာပြီး ထိုင်းမှာ ED-Visa လျှောက်ပြီးမှ ဂျပန်ကို ဆက်သွားရမယ်လို့ ပွဲစားက ပြောတယ်။ ဒီရောက်တော့ ဂျပန်ဗီဇာမရသေးဘူးလို့ ပြောပြီး တနှစ်လုံး စောင့်ခိုင်းတာ၊ အခန်းခ စားစရိတ် ကိုယ့်ဘာကိုယ် အကုန်ခံရတယ်။ ပွဲစားက အဖော်အဖြစ် ပို့ထားတဲ့ အမျိုးသမီးလည်း ပျောက်သွားတော့ မိန်းကလေးက ကျနော်တို့ဆီ တိုင်လာတာ၊ အဲဒီလို ငွေကြိုယူပြီး ဂျပန်ကိုမပို့ဘဲ ဘန်ကောက်အခန်းတခန်းထဲမှာ စောင့်နေရသူ ၁၁ ဦးရှိတယ်လို့ သိရတယ်။”

AAC မဟာမိတ်အဖွဲ့အနေနဲ့ ဘန်ကောက် ပချားအူထစ်နယ်မြေ ရဲစခန်းကို တိုင်ကြားခဲ့ပြီး ရဲတွေကလည်း ပွဲစားမြန်မာအမျိုးသားကို ဩဂုတ် ၂၅ ရက်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်၊ ဒါပေမဲ့ ဒီကိစ္စဟာ မြန်မာပြည်သားချင်း မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ကိစ္စဖြစ်တယ်၊ အရင်ဦးဆုံး အချင်းချင်း ပြေလည်အောင် ညှိနှိုင်းကြည့်ကြပါလို့ ရဲက ပြောတယ်။

ပွဲစားကလည်း သူတို့ယူထားတဲ့ငွေတွေ ဒီလကုန် ပြန်ပေးမယ်လို့ ပြောတာကြောင့် ရဲက သူတို့ ပတ်စ်ပို့စာအုပ်ကို အာမခံအနေနဲ့ သိမ်းဆည်းထားတယ်။ လကုန်လို့ ငွေပြန်မပေးရင် အရေးယူမယ်လို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို အဖော်အဖြစ်ပို့ထားတဲ့ အမျိုးသမီးကတော့ နိုင်ငံခြားထွက်သွားပြီလို့ ဆိုပါတယ်။

ထိုင်းဥပ‌ဒေမှာ ကျောင်းသားဗီဇာနဲ့  နောက်ထပ်တနိုင်ငံကို အလုပ်သွားလုပ်ဖို့ လုံးဝမရကြောင်း၊ ဒါပေမဲ့ မြန်မာပြည်က ဘွဲ့ရလူငယ်တွေက ဒီဥပ‌ဒေတွေ နားမလည်ဘဲ ပွဲစားတွေရဲ့ အယုံသွင်းတဲ့ စကားတွေ ယုံကြည်ပြီး နယ်စပ် တရားမဝင်လမ်းကြောင်းက ဝင်လာတာ၊ ဆိုက်ရောက်ဗီဇာနဲ့ ဝင်လာကာ ထိုင်းမှာ ဒုက္ခရောက်နေရတာတွေကြောင့် သတိထားဖို့ ဦးခိုင်ကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013