DVB Logo
Home
မြန်မာသတင်း
မင်းကင်း ကူလဲပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်၊ ကန့်ဘလူ မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်
DVB
·
February 13, 2024
မင်းကင်း ကူလဲပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်၊ ကန့်ဘလူ မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်တိုင်း၊ ကလေးခရိုင်၊ မင်ကင်းမြို့နယ်၊ ကူလဲ‌ပျူကျေးရွာကို ဒေသခံပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်တွေက‌ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၆ နာရီလောက်က စတင်တိုက်ခိုက်ခဲ့ပြီး ၁၂ ရက်ညမှာ စခန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေနဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့ ၅ ဖွဲ့က တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။ 

ကာကွယ်ရေးခေါင်းဆောင်တဦးက “အခုတိုက်ပွဲက အရပ်သား သေဆုံးမှုတော့ မရှိဘူး။ လက်နက်ကိုင် ပျူတွေနဲ့ သီးသန့်တိုက်ရတဲ့ပွဲဗျ။ ကျနော်တို့ ၁၁ ရက်နေ့ မနက်ခင်း ၆ နာရီက စတိုက်ပွဲဖြစ်တယ်။ အဲဒီနေ့မှာပါ ကူလဲအရှေ့ပျူရွာစခန်းကို သိမ်းဆည်းနိုင်ခဲ့ပြီး ကူလဲအနောက်ရွာ ပျူစခန်းကို ၁၂ ရက် နေ့ည ၉ နာရီခွဲမှာ အပြီးသတ်စခန်းသိမ်းနိုင်ခဲ့တယ်။ ပျူသေဆုံးမှုကတော့ ရှင်းလင်းရေး မလုပ်ရသေးတော့ အတိအကျ အရေအတွက် မပြောနိုင်သေးဘူး။”

စခန်းသိမ်းတိုက်ပွဲ ပထမရက်ကတည်းက ကူလဲဒေသခံပြည်သူဟာ ပြေကံရွာ၊ ကျောက်အိုးရွာ၊ တင်ဘက်ရွာနဲ့ မင်းကင်းမြို့ပေါ်ကို ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။‌  

အဆိုပါ မင်းကင်းမြို့နယ်  ကူလဲကျေးရွာဟာ ကူလဲအရှေ့ရွာ၊ ကူလဲအနောက်ရွာဆိုပြီး ကျေးရွာ ၂ ရွာရှိကာ ၂ ရွာပေါင်း အိမ်ခြေ ၄၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

ကူလဲပျူရွာက ပြည်သူအများစုကို စစ်ကောင်စီဘက်က စစ်သင်တန်းပေး လက်နက်တပ်ဆင် ပေးထားကာ ပြည်သူ့ကာကွယ်ရေးတပ်က လာရောက်တိုက်ခိုက်မယ်ဆိုရင် ခုခံစစ်ပြုလုပ်နိုင်ဖို့ ဘန်ကာကျင်း၊ ကတုပ်ကျင်းတွေ ကျကျနန ပြင်ဆင်ထားတာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“သူတို့(ပျူ)ဘက်ကလည်း ပြင်ဆင်မှုတွေကတော့ အစောပိုင်းရက်တွေကတည်းက ပြင်ဆင်ထားတာ တွေ့ရတယ်။ ပျူတွေ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ သူတို့ရွာထဲသွားတဲ့ သူတိုင်းကို အာဏပြနေတာ။ ဒီနေ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်တိုက်တာ ၂ ရက် အလူးအလဲခံပြီး ၂ ရွာလုံး ပြည်သူ့ကာကွယ်ရေးတပ်က စခန်းသိမ်းသွားပြီ” လို့ ပြောပါတယ်။

၂ ရက်တာတိုက်ပွဲမှာ ပျူစောထီဘက်က ၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန်ရရှိတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ လုံခြုံရေးအရအမည်မဖာ်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

“၁၁ ရက်နေ့က ၄ ဦး၊ ၁၂ ရက်နေ့က ၄ ဦး စုစုပေါင်း ၈ ဦးကတော့ မင်းကင်းပြည်သူ့ ဆေးရုံကို ရောက်လာတယ်။ သေဆုံးသူတွေကတော့ သယ်မလာနိုင်ကြဘူး။ သေတဲ့နေရာမှာပဲ ပစ်ထားခဲ့ကြတာထင်တယ်။ မြို့ပေါ်တော့ သေတဲ့အလောင်းတွေ ရောက်မလာဘူးဗျ။ မနေ့ ၁၂ ရက်‌နေ့ကတော့ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ကျနော်တို့ မင်းကင်းမြို့ပေါ်ကို ဆင်းပြီး ဒဏ်ရာပြင်းထန်ရတဲ့သူတွေကို ကလေးဆေးရုံသယ်ပို့တာ တွေရှိတယ်။ မင်းကင်းရဲစခန်းက စစ်သားနဲ့ ရဲတွေ တပ်ပြောင်းတပ်လွှဲလုပ်တာတွေရှိတယ်။ လက်နက်ခဲယမ်းဖြည့်တင်းတာတွေ ရှိခဲ့တယ်။” 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မင်းကင်းမြို့နဲ့ ၃ မိုင်သာ ကွာဝေးတဲ့ ကံပျူရွာကို ကာကွယ်ရေးတပ်က ဝင်ရောက်စခန်းသိမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် မြောက်ပိုင်း ပေါက်ဆိန်ကုန်းကျေးရွာအနီးမှာလည်း ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ချပ်သင်းကျေးရွာကနေ ပေါက်ဆိန်ကုန်းကျေးရွာဘက်ကို စစ်ကြောင်း ထိုးကာ အရပ်သားတွေရှိရာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်တာလို့  ဒေသခံကာကွယ်ရေးခေါင်းဆောင်က ပြောပါတယ်။ 

ကန့်ဘလူဒေါင်းရာဇာအဖွဲ့ တာဝန်ရှိသူက “စစ်ကောင်စီက အင်အား ၁၅၀ နဲ့ မနက် ၁၁ နာရီ ကျော်လောက်က စစ်ကြောင်းစထွက်လာတာ။ သူတို့ထွက်လာလို့ စစ်ဘေးရှောင်နေတဲ့ အရပ်သားတွေရှိတဲ့ နေရာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပါပစ်ခတ်ဝာာ။ အဲလိုပစ်ခတ်တော့ ကျနော်တို့ဘက်က ပြန်ပစ်ရင်း တိုက်ပွဲဖြစ်ကြတာပါ။ စစ်‌ကောင်စီက ရမ်းသန်းပစ်လို့ အရပ်သားထိခိုက်တာတော့ အခုထိမကြားရသေးဘူး”လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်  မနေ့ ညနေခင်း ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ ပေါက်ဆိန်ရွာထဲကို ဝင်ရောက်သွားပြီး နေအိမ်တွေကို မီးရှို့သွားတဲ့ အကြောင်းနဲ့ မီးလောင်ဆုံးရှုံးပျက်စီးတဲ့ အခြေအနေကိုတော့ မသိရသေးကြောင်း ကန့်ဘလူဒေါင်းရာဇာအဖွဲ့ က ပြောပါတယ်။

ကန့်ဘလူမြို့နယ်မြောက်ခြမ်းဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ကောလင်းမြို့နဲ့ ထိစပ်နေတဲ့ နယ်မြေဖြစ်ပြီး ကောလင်းမြို့ကို ပြန်လည် တိုက်ခိုက်နိုင်ဖို့ စစ်ကောင်စီတပ်က  ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့ ကနေ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ကောလင်းမြို့ကို စစ်ကူမလာရောက်နိုင်ဖို့  စစ်ကောင်စီရဲ့ ဝန်းသိုတပ်ရင်း ၁၂၀ ကနေ ကန့်ဘလူမြို့နယ်ထဲက  ပင့်သာ၊ ချပ်သင်း၊ ကိုးထောင်ဘို့ စတဲ့ တိုက်နယ်က ကျေးရွာတွေဆီ နေ့စဉ်ပစ်ခတ်နေတာကြောင့် ဒေသခံအများအပြားဟာ စစ်ဘေးရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013