DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်အုပ်စုသတ်ဖြတ်ခဲ့သည့် ပြည်သူ ၄,၅၂၀ ခန့်ထိ ရှိလာ
DVB
·
February 12, 2024
အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်အုပ်စုသတ်ဖြတ်ခဲ့သည့် ပြည်သူ ၄,၅၂၀ ခန့်ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၃ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၄,၅၂၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၆,၀၅၆ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၂၀,၀၈၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈,၇၈၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၉ ယောက်ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၉၆၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့တွေက နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို ပြည်သူ့စစ်အတွင်း ဝင်ရောက်ဖို့ အတင်းအဓမ္မ ခြိမ်းခြောက် ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတဲ့အပြင် အသက် ၁၈ နှစ် ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်အုပ်စုက ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်ဝန်းအတွင်း တက္ကသိုလ်၊ ကောလိပ်နဲ့ နည်းပညာတက္ကသိုလ်တွေက ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေကို တက္ကသိုလ်အရန်တပ်ခွဲအဖြစ် တလကြာ အခြေခံစစ်သင်တန်း ပေးနေတယ်လို့ သိရပြီး စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်က လိုအပ်ရင် စစ်မှုထမ်းရမယ်လို့ အဆိုပါစစ်သင်တန်းမှာ ပြောဆိုခဲ့တယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အခု ဖေဖော်ဝါရီလ ပထမအပတ်ကနေ စတင်ပြီးတော့ စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ရေဦးမြို့နယ်တွေထဲက ကျေးရွာတွေကို မြေပြင် စစ်ကြောင်းထိုးကာ ဝင်ရောက်စီးနင်းတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် ဝေဟင်ကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ကြတာကြောင့် ဒေသခံ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီးတော့ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေ၊ အဆိုပါကာလအတွင်း စစ်အုပ်စုလက်ချက်နဲ့ ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက ဖော်ပြပါ [email protected] အီးမေးလ်ဆီ တိုက်ရိုက်ပေးပို့ ဆက်သွယ် အကြောင်းကြားနိုင်ဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013