DVB Logo
Home
မြန်မာသတင်း
ဘေးတွဲဆိုင်ကယ်မောင်းသူများကို စစ်ကောင်စီက သတင်းပေးအဖြစ် စေခိုင်းနေ
DVB
·
February 12, 2024
ဘေးတွဲဆိုင်ကယ်မောင်းသူများကို စစ်ကောင်စီက သတင်းပေးအဖြစ် စေခိုင်းနေ
Donate to DVB

ရန်ကုန်မြို့ရှိ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို PDF သတင်းပေးဖို့နဲ့ စစ်တပ်ကင်းလှည့်ရာမှာ လိုက်ပါဖို့ စေခိုင်းနေတာကြောင့် အခက်တွေ့နေရတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဘေးတွဲဆိုင်ကယ်မောင်းသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းထားပြီး ဒီရက်ပိုင်းထဲ အစည်းအဝေးခေါ်ကာ သူတို့စေခိုင်းတဲ့အတိုင်းလုပ်ဖို့ အကျပ်ကိုင်နေတာလို့ ဆိုပါတယ်။

တောင်ဥက္ကလာမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းသူတဦးက "ကင်းလှည့်တဲ့အချိန် သူတို့သွားမယ့်နေရာ လိုက်ပို့ပေးရမယ်ပြောတယ်။ ရပ်ကွက်ထဲ လူစိမ်းအခြေအနေနဲ့ လှုပ်ရှားမူတွေ စောင့်ကြည့်ပြီး သတင်းပေးဖို့မှာတယ်။ ပြောရရင် ဒလန်မွေးတာပေါ့" လို့ ပြောပါတယ်။

ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို စစ်တပ်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ အစည်းအဝေးခေါ်ပြီး အခုလို အသိပေးစေခိုင်းနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းသူတဦးက "သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင် ဆိုင်ကယ်သိမ်းမယ် ဘာညာဆိုတော့ ကြောက်ရတာပေါ့။ ဒီဟာလေးနဲ့လုပ်စားနေရတာ။ တော်တော်များများက အမှားအမှန်သိနေကြတာလေ။ ကယ်ရီဆွဲသူတွေကို ပျူစောထီးတံဆိပ်တပ်ခံရမှာလည်း ကြောက်နေရတယ်" လို့ ပြောပါတယ်။

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စစ်ကောင်စီက ဘေးတွဲဆိုင်ကယ်တွေကို ရပ်ကွက်ထဲအထိ ဖမ်းဆီးတာတွေလုပ်ခဲ့ပြီးနောက် ဆိုင်ကယ်ရှိသူစာရင်းတွေ အိမ်အရောက်ကောက်ယူတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီနောက် ရပ်ကွက်ရုံးတွေကနေ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို နံပါတ်ပါဝတ်စုံတွေ ထုတ်ရောင်းကာ တရားဝင်လုပ်ပိုင်ခွင့်ပေးသယောင် လုပ်ပြီး နောက်ဆက်တွဲ အကျပ်ကိုင်လာတာလို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေက ဆိုပါတယ်။

ဘေးတွဲဆိုင်ကယ်တစီးကို ဝတ်စုံနှစ်စုံထုတ်ပေးပြီး တဦးလျှင် ကျပ် ၃၅၀၀၀ နီးပါး ရပ်ကွက်ရုံးကို ပေးသွင်းရသလို လစဥ်ကြေးလည်း ပေးသွင်းနေရတယ်လို့ ဆိုပါတယ်။

အဲဒီဘေးတွဲဆိုင်ကယ်တွေရဲ့ စာရင်းကို ရပ်ကွက်ရုံးတွေက ကြိုတင်ရယူထားတာကြောင့် စစ်ကောင်စီစေခိုင်းချက်ကို ငြင်းဆန်ရင် ဖမ်းဆီးအရေးယူခံရမှာကို စိုးရိမ်နေကြတယ်လို့ သူတို့က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013