
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်မလွှတ်ရရေး စစ်ရေးဗျူဟာတကျ ဆောင်ရွက်နေတဲ့အကြောင်းနဲ့ မြို့ကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတွေ မဟုတ်မှန်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ကောလင်းမြို့ကို ထိန်းချုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး ဖေဖော်ဝါရီလဆန်းကတည်းက အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကန့်ဘလူနယ်ကနေတဆင့် ကောလင်းမြို့ကို ဝင်ရောက်ဖို့ ကြိုးစားနေခဲ့တာပါ။
NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ကောလင်းကိစ္စကတော့ သူတို့က ထိုးစစ်တွေ အကြီးအကျယ်ဆင်တယ်။ နောက်ပြီးတော့ လေကြောင်း သာလွန်အင်အား ဟောင်ဝစ်ဇာတွေနဲ့ ထိုးစစ်တွေဆင်တယ်။ မြို့တွင်းထဲကို ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့တွေ အပြင်းအထန် တိုက်ခိုက်တယ်ပေါ့နော်။ တိုက်ပွဲကတော့ အပြင်းအထန်၊ ဝင်လာသမျှ ကောလင်းကို ထိုးလာသမျှကို တော်လှန်ရေးအင်အားစုတွေက တွန်းလှန်ပြီးတော့ တိုက်နိုင်တော့ သူတို့မှာ အကျအဆုံးများစွာ ကြုံရတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ သူတို့တွေ ထိန်းချုပ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ကောလင်းမြို့ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ စစ်ဗျူဟာအရ ကျနော်တို့တွေ စနစ်တကျ ဆောင်ရွက်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဝန်းသိုမြို့ဘက်က ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းပစ်ကူ ပေးတာတွေကြောင့် စစ်ကောင်စီတပ်သားတွေ မြို့ထဲအထိ ဝင်နိုင်ခဲ့ပေမဲ့ အထိအခိုက် အကျအဆုံး များခဲ့တယ်လို့ NUG သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။
ကောလင်းနယ်နဲ့ ကပ်နေတဲ့ ကန့်ဘလူနယ်က သင်္ကန်းဝတ် ဦးဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေရဲ့ အားကိုယူပြီး စစ်ကောင်စီက ကောလင်းဘက်ကို ထိုးစစ်ဆင်ခဲ့တာကြောင့် ကန့်ဘလူဒေသတွင်း PDF တွေက စစ်ကောင်စီလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။
ကန့်ဘလူနယ်မှာ ပျူစောထီးအင်အား ထောင်နဲ့ချီ ရှိနေတဲ့အပြင် စစ်ကောင်စီကလည်း စစ်ကြောင်း ၃ ခုမှာ တပ်သားအင်အား ရာနဲ့ချီ အသုံးပြုပြီး ကောလင်းမြို့ကို ပြန်သိမ်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ကန့်ဘလူ-ဒေါင်းရာဇာအဖွဲ့မှ ကိုကနောင်က “ပျူထဲဝင်တဲ့ ညီအစ်ကိုမောင်နှမတွေ ကိုယ့်ဦးနှောက်နဲ့ကိုယ် ဆုံးဖြတ်ကြပါလို့။ တော်လှန်ရေးက အောင်နေပါပြီလို့။ ပျူထဲ ထပ်မဝင်ကြပါနဲ့လို့။ ကိုယ့်လူမျိုးအချင်းချင်းလည်း အဲ့လိုကြီး မလုပ်ချင်ပါဘူး၊ သတ်ဖြတ်တာတွေလည်း မလုပ်ချင်ပါဘူး” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းယူထားတဲ့ ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး မြို့တွေကို ပြန်လည်သိမ်းယူဖို့ စစ်ကောင်စီက ဆက်တိုက်ကြိုးစားနေတာပါ။
၂၀၁၄ သန်းခေါင်စာရင်းအရ ကောလင်းမြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူ ၂၀,၀၀၀ ကျော်၊ ကောလင်းမြို့နယ် ကျေးလက်ဒေသမှာနေထိုင်တဲ့ ပြည်သူ ၁၂၀,၀၀၀ ကျော်ရှိပြီး စုစုပေါင်း ပြည်သူ ၁၄၀,၀၀၀ ဝန်းကျင် စစ်ဘေးသင့်နေတယ်လို့ ဒေသတွင်း အကူအညီပေးနေသူတွေက ခန့်မှန်းပါတယ်။
သုတချမ်းသာ











