DVB Logo
Home
မြန်မာသတင်း
စစ်ဘေးဒုက္ခသည် ကူညီရေးစခန်း ဖွင့်လှစ်ရန် ထိုင်းအစိုးရက ကေအန်ယူကို မဆက်သွယ်သေး
DVB
·
February 12, 2024
စစ်ဘေးဒုက္ခသည် ကူညီရေးစခန်း ဖွင့်လှစ်ရန် ထိုင်းအစိုးရက ကေအန်ယူကို မဆက်သွယ်သေး
Donate to DVB

ထိုင်းအစိုးရက မြန်မာနိုင်ငံ ကရင်ပြည်နယ်အခြမ်းမှာ စစ်ဘေးဒုက္ခသည်တွေအတွက် စစ်ရှောင်ကူညီရေး စခန်းတွေ ဖွင့်လှစ်မယ့်ကိစ္စကို ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့  ဆက်သွယ်လာတာ မရှိသေးဘူလို့ ကေအန်ယူဘက်က ပြောပါတယ်။ 

ထိုင်းအစိုးရက မြန်မာ စစ်ဘေးဒုက္ခသည်တွေကိုကူညီဖို့ လူ ၂၀၀၀၀ လောက် ခိုလှုံနိုင်မယ့် စစ်ရှောင်ကူညီရေးစခန်း ၃ ခုကို ထိုင်းဘက်ခြမ်း မဲဆောက်နဲ့ မြန်မာဘက်အခြမ်းမှာ ဆောက်လုပ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မဲဆောက်မြို့ကို လာရောက်တဲ့ ဖေဖေါ်ဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့ ခရီးစဉ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

မြန်မာပြည်ဘက်ခြမ်း ကရင်ပြည်နယ်ထဲမှာ ဆောက်လုပ်မှာ ဖြစ်ပေမဲ့ ကရင်အမျိုးသားအစည်းအရုံး  (ကေအန်ယူ) နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆက်သွယ်လာတာ မရှိသေးဘူ’ လို့ ကေအန်မယူ ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက  ဒီဗွီဘီကို ပြောပါတယ်၊

“ကေအန်ယူ အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီထိုင်းနိုင်ငံခြားရေးဌာနကနေပြီးတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်လာတဲ့ဟာကို ပထမဆုံး ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့နဲ့ တိုင်ပင် ဆွေးနွေးထားတာမျိုးတော့ မရှိဘူးနော်၊ ဒီအကောင်အထည်ဖော်ရေးဘက်မှာလည်း ဘယ်သူနဲ့ တွဲလုပ်မယ်ဆိုတာကို နားလည်တာက ဒီစစ်ကောင်စီနဲ့ သူတို့တွဲလုပ်မယ် အဲဒီစစ်ကောင်စီ တိုက်ရိုက် ထိန်းချုပ်ထားတဲ့ MRC လို့ ခေါ်တဲ့ မြန်မာကြက်ခြေနီနဲ့ တွဲလုပ်မယ်လို့ ကျနော်တို့ သိရပါတယ်။ အဲတာကျတော့ ကျနော်တို့အနေနဲ့ လုပ်ငန်းသဘောတရားအရ ကြည့်မယ်ဆို ဒါဘယ်လိုမှ လက်တွေ့အကောင်အထည်ဖော်လို့မရဘူးဆိုတာ ပြောလိုပါတယ်။”

လက်ရှိမှာ ကရင်ပြည်နယ်က တိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ပိုင်ခွင့် အာဏာမရှိတဲ့အတွက် အခုလို စစ်ရှောင်စခန်းတွေဆောက်လုပ်မယ်ဆိုရင် ကေအန်ယူကိုကို ဆက်သွယ်ဖို့လိုကြောင်း ကေအန်ယူကတဆင့် တခြားသော စစ်ရှောင်အကူအညီပေးရေးအဖွဲ့နဲ့ ချိတ်ဆက်ကူညီပေး သွားမယ်လို့ ဖိတ်ခေါ် ပြောဆိုပါတယ်။

စစ်ကောင်စီလက်ဝေခံ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နဲ့သာ ပူးပေါင်းဆောင် ရွက်မယ်ဆိုရင် ထိရောက်တဲ့အကူအညီပေးရေးတွေ ဖြစ်လာမှာမဟုတ်ဘူးလို့  Committee for Internally Displaced Karen People (C.I.D.K.P) ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးကလည်း ပြောပါတယ်၊

“အဲဒီမြန်မာပြည်က ကြက်ခြေနီဆိုတာကလည်း ကျနော်တို့အားလုံးသိပါတယ်။ စကစရဲ့ အဆက်အသွယ်တွေနဲ့ စကစအရာရှိဟောင်းတွေနဲ့ဖွဲ့ထားတယ်။ အခုလည်း အဲဒီစစ်တပ်က ရှိလည်းရှိသေးတယ်။ တကယ်လို့ ကြက်ခြေနီအသင်းနဲ့ပဲ ဆက်လုပ်မယ်ဆိုရင်တော့ သူတို့ရဲ့အစီအစဉ်ကတော့ ထိထိရောက်ရောက်ဖြစ်ဖို့ တော်တော်တော့ ခဲယဉ်းမယ်ပေါ့။ မြေပြင်မှာ လှုပ်ရှားနေတဲ့ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာအကူအညီပေးနေတဲ့ လူတွေအဖွဲ့တွေနဲ့ ပေါင်းတာ ပါဝင်ပူးပေါင်းတာမရှိဘူးဆိုရင်တော့ သူတို့လုပ်မယ့်ဟာတွေက ဘာမှ ထိရောက်မှာ ရှိမှာ မဟုတ်ဘူးလို့ကျနော်ထင်တယ်။ EROs တွေနဲ့ သူတို့ ဆက်သွယ်စကားပြောတာတွေ ရှိတယ်။ အဲဒီလမ်းအတိုင်း သွားပါလို့ ကျနော် ပြောချင်တယ်။”

မြန်မာစစ်ဘေး ဒုက္ခသည်တွေကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့ အမှတ် ၂ ဂိတ်ကနေ လူသားချင်စာနာမှု အကူအညီနဲ့ ပစ္စည်းတွေကို ပေးဖို့မှာ ဖြစ်တယ်လို့ သိရပါတယ်။

လူသားချင်စာနာထောက်ထားမှုစင်တာ ဖွင့်လှစ်ရေး အစီအစဉ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့လကုန်ပိုင်းက စစ်ကောင်စီကိုယ်စားလှယ်တက်ရောက်ခဲ့တဲ့ အာဆီယံ ဝန်ကြီးများ အစည်းအဝေးပွဲကနေ သဘောတူလာတာ ဖြစ်ပြီး  ဒီလထဲအကောင်အထည်ဖော်သွားမယ်လို့ ပြောပေမဲ့ ဘယ်နေရာတွေမှာ တည်ဆောက်မယ် ဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။

ကေအန်ယူ တပ်မဟာ-၁ ဘီးလင်း သထုံ၊  တပ်မဟာ ၂ တောင်ငူခရိုင် ကစလို့ တနင်္သာရီတိုင်းအပါအဝင် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ထွက်ပြေးခိုလှုံနေတဲ့  ဒုက္ခသည်ပေါင်း ၇ သိန်းခွဲကျော်ရှိနေပြီး  တပ်မဟာ ၃ ကျောက်ကြီး ညောင်လေးပင်မှာ ၃ သိန်းဝန်းကျင်၊ တပ်မဟာ ၆ မှာ ၂ သိန်းဝန်းကျင်နဲ့စစ်ရှောင်တွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013