DVB Logo
Home
နိုင်ငံတကာ
ပိုက်ဆံမထည့်သည့် နေတိုးမဟာမိတ်ဆိုရင် အမေရိကန်က ကာကွယ်ပေးမည် မဟုတ်ဟု ထရမ့်ပ်ပြော
DVB
·
February 12, 2024
ပိုက်ဆံမထည့်သည့် နေတိုးမဟာမိတ်ဆိုရင် အမေရိကန်က ကာကွယ်ပေးမည် မဟုတ်ဟု ထရမ့်ပ်ပြော
Donate to DVB

ကိုယ်ထည့်ဝင်ရမယ့်ငွေပမာဏ မပြည့်မီတဲ့ နေတိုးအဖွဲ့ဝင်ဆိုရင် အမေရိကန်အနေနဲ့  အကာအကွယ် ပေးမှာမဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်က မဲဆွယ်ပွဲတခုမှာ  ပြောသွားပါတယ်။

ကိုယ်ပေးချေရမယ့်ငွေပမာဏကို မထည့်ဝင်တဲ့ နိုင်ငံတနိုင်ငံဆိုရင် အမေရိကန်အနေနဲ့ ကာကွယ်ပေးမှာ မဟုတ်ကြောင်း၊ ရန်စကျူးကျော်သူတွေ (ရုရှား)  ကြိုက်သလိုလုပ်ကြဆိုပြီး မြှောက်တောင်ပေးဦးမှာဖြစ်ကြောင်း သူသမ္မတဖြစ်စဉ်က တခြားနိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင်ကို ပြောခဲ့ဖူးတယ်လို့ ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ တနိုင်ငံကျူးကျော်ခံရရင် တဖွဲ့လုံးက ခုခံကာကွယ်ပေးရမယ်လို့ ကတိခံထားရတာ ဖြစ်ပါတယ်။ 

သမ္မတဟောင်းဟာ မိမိတို့ရဲ့ အနီးဆုံးမဟာမိတ်တွေကို လူသတ်အစိုးရတွေက ကျူးကျော်မှာကို အားပေးအားမြှောက်ပြုရာရောက်နေပြီး အံ့ဩတုန်လှုပ်စရာစကားမျိုးဖြစ်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံသီးသီးဟာ သူ့နိုင်ငံရဲ့ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)ရဲ့ နှစ်ရာခိုင်နှုန်း အနည်းဆုံး ကာကွယ်ရေးကဏ္ဍမှာ သုံးရမှာဖြစ်ပေမဲ့ နိုင်ငံအများစုက ဒီပမာဏမပြည့်မီကြပါဘူး။

ဒါပေမဲ့ ဒီပမာဏဟာ လမ်းညွှန်ချက် သဘောမျိုးသာဖြစ်ပြီး မဖြစ်မနေလုပ်ရမယ်ဆိုတဲ့ စည်းနှောင်မှုရှိတဲ့ ပဋိညာဉ်မဟုတ်သလို ဒီလိုမသုံးရင် အကြွေးတင်တဲ့သဘောမျိုးလည်း မဖြစ်ပါဘူး။

နေတိုးအဖွဲ့လည်ပတ်ဖို့ လိုအပ်တဲ့ ဘုံအသုံးစရိတ်ကိုတော့ အဖွဲ့ဝင်တိုင်းက သတ်မှတ်ချက်အတိုင်း ထည့်ကြတာဖြစ်ပြီး ထည့်ဖို့ပျက်ကွက်တဲ့နိုင်ငံဆိုတာမရှိပါဘူး။

ဒါပေမဲ့ ထရမ့်က သမ္မတဖြစ်စဉ်တုန်းကလည်း ဒီကိစ္စနှစ်ခုကိုရောထွေးဝေဖန်လေ့ရှိပြီး အမေရိကန် အကာအကွယ်လိုချင်ရင် ပိုက်ဆံပေးရမယ်၊ ထည့်ဝင်ရမယ်ဆိုတာမျိုးလည်း ပြောခဲ့ဖူးပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013