DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုပိုများလာပြီး အရပ်သား သေဆုံးမှု ၁၀ ဆကျော်တိုးလာ
DVB
·
February 10, 2024
လေကြောင်းတိုက်ခိုက်မှုပိုများလာပြီး အရပ်သား သေဆုံးမှု ၁၀ ဆကျော်တိုးလာ
1 / 4
Donate to DVB

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေဟာ တနှစ်ထက်တနှစ် ပိုတိုးလာပြီး သေဆုံးဒဏ်ရာရသူအရပ်သားဦးရေကတော့ ၁၀ ဆ ကျော်များလာတယ်လို့ အစီရင်ခံစာတခုမှာ ဖော်ပြပါတယ်။

နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ အရပ်ဘက် သုတေသန အဖွဲ့ ဉာဏ်လင်းသစ်က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပြီး စစ်ကောင်စီရဲ့ ၃ နှစ်အတွင်း လေကြောင်းက တိုက်ခိုက်မှုတွေကို မှတ်တမ်းတင် ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၈၅ ခုရှိပြီး ၄ ရက်မှာ ၁ ခုနှုန်း ရှိတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၃၃၉ ခုရှိပြီး ဒါဟာ ၁ ရက်မှာ အနည်းဆုံး ၁ ခုနှုန်းရှိတာလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၂၂၈ ခုရှိပြီး ဒါကတော့ ၁ ရက်မှာ အနည်းဆုံး ၃ ခုရှိနေတာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို ကောက်ယူမှတ်တမ်းတင်တဲ့ပုံစံကတော့ ၁ ရက် အတွင်း နေရာတခုကို တိုက်ခိုက်တယ်ဆိုရင် ဖြစ်စဉ် ၁ ခုလို့ မှတ်တမ်းတင်ပြီး အကြိမ်အရေအတွက်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သတင်းမီဒီယာတွေက ဖော်ပြတာကို မှတ်တမ်းတင်တာဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်စဉ်ထက် အကြိမ်အရေအတွက်ကတော့ ပိုများနေမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်တုန်းက အရပ်သား ပြည်သူ ၆၃ ယောက် သေဆုံး၊ ၄၂ ယောက် ဒဏ်ရာရပြီး ၂၀၂၂ ခုနှစ်မှာ အရပ်သား ၂၆၀ သေဆုံး၊ ၈၅ ယောက် ဒဏ်ရာရပြီး ၂၀၂၃ ခုနှစ်မှာတော့ အရပ်သား ၆၁၃ ယောက်သေဆုံး၊ ၇၅၁ ယောက် ဒဏ်ရာရတာကြောင့် ပထမနှစ်ကထက် ၁၀ ဆကျော် ထိခိုက်သေဆုံး ခဲ့တာကို တွေ့ရပါတယ်။

အဲဒီလိုပဲ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ ဘာသာရေး အဆောက်အအုံ ၈ ခု၊ စာသင်ကျောင်း ၇ ကျောင်းနဲ့ ဆေးရုံဆေးခန်း ၄ ခု ပျက်စီးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဘာသာရေး အဆောက်အအုံ အခု ၂၀၊ စာသင်ကျောင်း ၁၄ ကျောင်းနဲ့ ဆေးရုံဆေးခန်း ၇ ခု ပျက်စီးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ခုနှစ်မှာ ဘာသာရေး အဆောက်အအုံ ၁၀၉ ခု၊ စာသင်ကျောင်း ၅၅ ကျောင်းနဲ့ ဆေးရုံဆေးခန်း ၁၇ ခု ပျက်စီးခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂ နှစ်စုစုပေါင်းထက် ၃ ဆပိုများလာတာကို တွေ့ရပါတယ်။

ဒီ ၃ နှစ်အတွင်း စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၆၅၂ ခုရှိခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာကနေ နှစ်ကုန်အထိမှာ သိသိသာသာ ပိုများလာတာကိုလည်း တွေ့ရပါတယ်။

အဲဒီကာလ ၁၂၂ ရက်အတွင်းမှာ လေကြောင်းကနေတိုက်ခိုက်မှုဖြစ်စဉ် ၇၅၀ ရှိပြီး အကြိမ်ရေကတော့ ၃၀၉၆ ကြိမ်ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အများဆုံးတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေကတော့ လွိုင်ကော်ကို ၄၁၃ ကြိမ်၊ နမ့်ခမ်းကို ၃၆၁ ကြိမ်၊ မန်တုံကို ၂၉၉ ကြိမ်၊ ထီးချိုင့်ကို ၁၇၇ ကြိမ်နဲ့ မူဆယ်ကို ၁၆၈ ကြိမ်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013