
ထိုင်းနိုင်ငံမှာ တပတ်အတွင်း အွန်လိုင်းလိမ်လည်မှုပေါင်း ၅,၇၀၀ ကျော်ရှိပြီး ဆုံးရှုံးမှုငွေ ဘတ်သန်းပေါင်း ၁၇၇ သန်းကျော် ရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်နှိမ်နင်းရေးဗဟိုဌာန (ACSC) နဲ့ နည်းပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးဌာနတို့ ပူးပေါင်းပြီး ဇူလိုင် ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန် ပြောဆိုလိုက်တာပါ။
ဇူလိုင် ၁၉ ရက်မှ ၂၅ ရက်ထိ တပတ်တာကာလအတွင်း ထိုင်းရဲတပ်ဖွဲ့ အွန်လိုင်းကနေ တိုင်ကြားမှုပေါင်း ၅,၇၁၆ မှုကို လက်ခံရရှိတယ်၊ အဲဒီကနေ ငွေပေါင်း ၁၇၇,၂၇၉,၅၄၇ ဘတ် နစ်နာဆုံးရှုံးခဲ့ရတယ်လို့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဌာန ပြောခွင့်ရ ဒုရဲချုပ် ထနားဆုဝုန်းက ပြောပါတယ်။
ဒါဟာ ဇူလိုင် ၁၂ ရက်မှ ၁၈ ရက်ကာလအတွင်း လက်ခံရရှိတဲ့ အမှုတွေထက် ၂၂၀ မှု ပိုများလာပေမဲ့ ဆုံးရှုံးမှုတန်ဖိုးကတော့ ဘတ် ၂၂ သန်း လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
လေ့လာဆန်းစစ်ချက်တွေအရ အဆိုပါလိမ်လည်မှုတွေထဲမှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဆိုင်ရာ လိမ်လည်မှုက နံပါတ် ၁ အများဆုံးဖြစ်ပြီး ဆုံးရှုံးမှုပမာဏမှာလည်း အများဆုံးဖြစ်ပါတယ်။ အဆိုပါအမှုပေါင်း ၄,၄၂၉ မှုရှိပြီး ဆုံးရှုံးမှုပမာဏ ဘတ် ၄၈ သန်းကျော် ရှိပါတယ်။
လိမ်လည်မှုအများဆုံးခံရတဲ့ ခရိုင်တွေမှာ ဘန်ကောက် ၈၄ မှု၊ ဒုတိယအများဆုံး နွန်ထပူရီ ၁၈ မှု၊ ခွန်ကဲန် ၁၆ မှု ရှိတယ်၊ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးအလိမ်ခံရတယ်၊ အသက် ၂၁ နဲ့ ၃၀ နှစ်ကြား လူငယ်လူရွယ်တွေက ဒုစရိုက်သမားတွေရဲ့ လိမ်လည်လှည့်ဖျားမှုခံရဖို့ အန္တရာယ်အရှိဆုံးအုပ်စု ဖြစ်တယ်။
ဒုတိယအများဆုံး လိမ်လည်မှုမှာ တခြားသူတယောက်အဖြစ် ဟန်ဆောင်လိမ်လည်တာ၊ တတိယအများဆုံး လိမ်လည်မှုကတော့ အလုပ်အကိုင်ရရှိဖို့ လိမ်လည်တာဖြစ်တယ်၊ ဒီအုပ်စုမှာ အသက် ၃၁ နဲ့ ၄၀ ကြား လူရွယ်တွေ ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးအရာရှိ၊ အစိုးရဌာနဆိုင်ရာတွေ အနေနဲ့ သင့်ကို ပြစ်မှုတခုခုမှာ ပါဝင်ပတ်သက်နေကြောင်း ဖုန်းဆက်အကြောင်းကြားမှာမဟုတ်၊ စာရွက်စာတမ်း အထောက်အထားတွေ ပေးပို့ဖို့ ဌာနဆိုင်ရာ အပလီကေးရှင်းတွေ LINE တွေမှာ ချိတ်ဆက်ခိုင်းမှာမဟုတ်၊ စစ်ဆေးမေးမြန်းဖို့ ဗွီဒီယိုကော်လ် ခေါ်မှာမဟုတ်၊ အရေးကြီးဆုံးက စစ်ဆေးဖို့၊ ပြစ်မှုကင်းစင်ကြောင်း သက်သေပြဖို့ ဘယ်သောခါမှ ငွေလွှဲခိုင်းမှာမဟုတ်ဘူးလို့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးစင်တာ ACSC သတိပေး နှိုးဆော်ထားပါတယ်။
ဒါကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ကြုံရရင် သတိထားပါ၊ ဖုန်းကို ချက်ချင်းချလိုက်ပါ၊ တုံ့ပြန်စကားပြောတာ မလုပ်ပါနဲ့၊ LINE မချိတ်ဆက်ပါနဲ့၊ ဘာအကြောင်းကြောင့်ဖြစ်စေ ငွေမလွှဲပါနဲ့၊ မိဘအုပ်ထိန်းသူထံ ချက်ချင်းအကြောင်းကြားပြီး အရေးပေါ်ဖုန်း ၁၄၄၁ ကို ၂၄ နာရီပတ်လုံး ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သက်ဆိုင်ရာက အသိပေးထားပါတယ်။
Source: POLICE TV / SIAMRATH










