DVB Logo
Home
မြန်မာသတင်း
ဇရပ်ကြီးမြို့၌ လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ
DVB
·
February 8, 2024
ဇရပ်ကြီးမြို့၌ လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်းအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ကို ဖေဖော်ဝါရီ ၇ ရက်မနက်မှာ စစ်ကောင်စီလေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် မြို့အတွင်းပိတ်မိနေသူ အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက လေကြောင်းမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးပြီး အယောက် ၅၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရှောင် ဦးကျော်က "လေယာဉ်က မနေ့က တနေကုန် တောက်လျှောက်ဆိုသလို ပစ်တာ။ အိမ်တွေထဲမှာ ပုန်းနေဖို့ အဆင်မပြေကြလို့ ပြေးလွှားကြရင်း ထိကျတာပေါ့။ အခုမနက်ထိ လမ်းပေါ်မှာ သေဆုံးသူ ၈ ဦး တွေ့ရတယ်။ ကိုယ်တွေလည်း ပြေးရတာ‌ဆိုတော့ ဘယ်သူဆိုတာကို မသိရဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ လေယာဉ်မှ ပစ်ခတ်မှုကြောင့် ထွက်ပြေးလာကြတဲ့ ပြည်သူတွေဟာ လမ်းမတွေပေါ်မှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြရပြီး အလောင်းတွေကို သင်္ဂြိုဟ်ပေးနိုင်ခြင်းမရှိသေးဘဲ ဒဏ်ရာရသူတွေကိုတော့ စစ်ရှောင်တွေကပဲ ကယ်ထုတ်လာကြတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက် မနက် ၃ နာရီကစတင်ကာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီအတွက် အဓိက‌ထောက်ပို့ လမ်းကြောင်းဖြစ်တဲ့ မြို့စိုးတံတားကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက  မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

ရဲဘော်တင်ဦးက “ဒီ မြို့စိုးတံတားက စစ်တောင်းမြစ်အရှေ့နဲ့ အနောက်ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး ရန်သူရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းတခု ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ ဖြတ်တောက်ထားရတာ” လို့ ပြောပါတယ်။

မိုင်းခွဲဖျက်ဆီးခံရတဲ့ မြို့စိုးတံတားဟာ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ကျွဲပွဲ၊ မြို့စိုးနဲ့ ဇရပ်ကြီးမြို့ စတဲ့ မြို့တွေကို ဆက်သွယ်ပေးထားတာပါ။ 

တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဇရပ်ကြီးမြို့မှာ စစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ တိုက်ပွဲဖြစ်နေတာလို့  သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ဒီနေ့မနက်ကလည်း စစ်ကောင်စီ လေကြောင်းမှပစ်ခတ်ခဲ့တာကြောင့် ဘုရားစေတီပုထိုး၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အဦတွေ မီးလောင်ကျွမ်းနေပြီး မြို့နယ်ဆေးရုံကြီးအတွင်းရှိ ဆေးဝါးကုသနေရသူ ၂၀ ကျော်ကိုလည်း ကယ်ထုတ်နိုင်ခြင်း မရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013