DVB Logo
Home
မြန်မာသတင်း
ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ နိုင်ကျဉ်းအမျိုးသမီးတဦး သေဆုံး၊ ၁ လကျော်အတွင်း သေဆုံးသူ ၅ ဦးရှိလာ
DVB
·
February 7, 2024
ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ နိုင်ကျဉ်းအမျိုးသမီးတဦး သေဆုံး၊ ၁ လကျော်အတွင်း သေဆုံးသူ ၅ ဦးရှိလာ
Donate to DVB

မန္တလေး အိုးဘိုအကျဉ်းထောင်ထဲမှာ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ မယဉ်မိုးဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် သေဆုံးသွားခဲ့ရပြီး အခုနှစ်ဆန်းပိုင်းအတွင်း သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်အထိ ရှိလာခဲ့ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် မယဉ်မိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်က မန္တ‌လေးဆေးရုံကြီးမှာ  ကျောက်ကပ်ရောဂါနဲ့ သေဆုံးခဲ့ရတာဖြစ်ပြီး သူ့ကို  ပုဒ်မ ၅၀၅ (က) နှစ်မှုနဲ့ ၂၀၂၁ ခုနှစ် မတ်လအတွင်း ချမ်းအေးသာစံမြို့နယ် အမှတ်(၆)နယ်မြေခံရဲစခန်းနဲ့ အမှတ်(၈) နယ်မြေခံရဲစခန်းတို့ကနေ တရားလိုပြုလုပ်ပြီးတော့ ချမ်းအေးသာစံတရားရုံးက ထောင်ဒဏ် ၆ နှစ် မတရားအမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

မယဉ်မိုးဟာ ထောင်ဒဏ် ချမှတ်ခံရပြီးနောက် အိုးဘိုထောင်မှာ ချုပ်နှောင်ခံထားရတာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းကတော့ မြင်းခြံအကျဥ်းထောင်ကို ထောင်ပြောင်းရွှေ့ခံခဲ့ရပြီးနောက် မြင်းခြံထောင်တွင်းမှာ ကျန်းမာရေးမကောင်းတဲ့အတွက် မန္တလေးအိုးဘိုအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရတာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) က ရရှိထားတဲ့ သတင်း အချက်အလက်တွေအရ မယဉ်မိုးဟာ မသေဆုံးခင် အချိန်တွေတုန်းကလည်း ထောင် အာဏာပိုင်တွေကို ပြင်ပဆေးရုံမှာ ပို့ဆောင်ကုသပေးဖို့ မကြာခဏ တောင်းဆိုတာကြောင့် ပြင်ပဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ပေမယ့် လုံခြုံရေးမပေးနိုင်တဲ့အတွက်လို့ ဆိုကာ ကြာရှည်စွာ ဆေးဝါးကုသခွင့်မပေးဘဲ ကုသမှုခံယူနေချိန်တွေမှာပဲ မန္တလေးဆေးရုံကြီးကနေ အိုးဘိုအကျဉ်းထောင်ဆီ ၆ ကြိမ်တိုင်တိုင်ပြန်လည်ခေါ်ယူမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုနှစ် ဇန်နဝါရီ ၁ လအတွင်းမှာပဲ ၂ ကြိမ်လောက် ထောင်ဆေးရုံနဲ့ မန္တလေး ဆေးရုံကြီးနှစ်ခုအတွင်း ကျောက်ကပ်ရောဂါ မသက်သာတဲ့ကြားက ကူးပြောင်းမှုတွေကို မကြာခဏ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက်မှာတော့ မယဉ်မိုးဟာ အကျဉ်းထောင်တွင်း ပြန်လည်ခေါ်ဆောင်ခံခဲ့ရပြီး နောက်ရက်တွေမှာတော့ ရောဂါမသက်သာတဲ့အတွက် ပြင်ပဆေးရုံဆီ ထပ်မံပို့ဆောင်ခဲ့ရပြီး ၂၆ ရက်မှာတော့ အကျဥ်းထောင်ဆီ ပြန်လည်သယ်ဆောင်ခဲ့ရပြီးနောက် ခုလိုသေဆုံးသွားခဲ့ရတာပါ။

မယဉ်မိုးဟာ အကျဉ်းထောင်အတွင်း ကျောက်ကပ်ရောဂါရှိနေတာကို အချိန်မီ မသိရှိရတာ၊ ရောဂါဖြစ်နေစဉ်အတွင်း အကျဉ်းထောင်တွင်း ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာ၊ ပြင်ပဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပေမယ့် အကျဉ်းဦးစီးအနေနဲ့ လုံခြုံရေးမပေးနိုင်ဆိုပြီး အကြောင်းပြကာ အချိန်ပြည့် ဆေးဝါးကုသခွင့် မရရှိခဲ့တာတွေကြောင့် သေဆုံးခဲ့ရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် (PPNM) က ပြောပါတယ်။

အခုနှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာတော့ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာတွေကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၅ ယောက်အထိ ရှိလာနေပြီး ကျိုက်မရော၊ မကွေး၊ ကလေး စတဲ့ အကျဉ်းထောင်တွေ အသီးသီးက ပါဝင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013