တရုတ်နှစ်သစ်ကူး အားလပ်ရက်မတိုင်မီ သန်းထောင်ချီတဲ့လူတွေ အိမ်ပြန်ဖို့ ကြိုးစားနေပေမဲ့ အလွန်ပြင်းထန်တဲ့ အအေးလှိုင်းက အရင်အပတ်ကစပြီး နိုင်ငံတဝန်း နေရာအနှံ့အပြားကို ဖြတ်ကျော် ဝင်ရောက်နေပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အေးခဲနေတဲ့မိုးတွေ၊ နှင်းတွေ၊ ရေခဲတွေကြောင့် ယာဉ်ကြောတွေ ပိတ်ဆို့နေပါတယ်။
တရုတ်အလယ်ပိုင်း ဟူဘေးပြည်နယ်က အဝေးပြေးလမ်းတွေမှာ ယာဉ်အသွားအလာ နှေးကွေးနေပြီး ရထားခရီးစဉ်တွေ နှောင့်နှေး၊ ဖျက်သိမ်းရတာတွေကြောင့် ခရီးသွားတွေ သောင်တင်နေခဲ့ရပါတယ်။
ရထားခရီးစဉ် ရာပေါင်းများစွာ နှောင့်နှေး ရပ်ဆိုင်းခဲ့ရပြီး ခရီးသည်အများအပြား ဝူဟန်မြို့က မီးရထားဘူတာတွေမှာ သောင်တင်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ခရိုင်အတွင်းက ရာနဲ့ချီတဲ့ အဝေးပြေး တိုးဂိတ်တွေမှာ ယာဉ်တွေကို အခမဲ့ ဖြတ်သန်းခွင့် အပါအဝင် ယာဉ်ကြောထိန်းကျောင်းမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ CCTV က ဆိုပါတယ်။
အခုသီတင်းပတ် အစောပိုင်းက နိုင်ငံတောင်ပိုင်းမှာ မိုးနဲ့ ဆီးနှင်းတွေ ရွာသွန်းပြီး အေးခဲတဲ့ ရာသီဥတုကို ရင်ဆိုင်ရမယ်လို့ ခန့်မှန်းထားပေမဲ့ ဖေဖော်ဝါရီ ၈ ရက်မှာ အခြေအနေတွေ ပိုကောင်းလာမယ်လို့ တရုတ်နိုင်ငံ အလယ်ပိုင်း မိုးလေဝသ စောင့်ကြည့်လေ့လာရေးဌာနက ခန့်မှန်း ထုတ်ထားပါတယ်။
Source/Photo-Reuters