
သီရိလင်္ကာနိုင်ငံဟာ ပြည်ပကြွေးမြီ ပြန်စာရင်းပြုစုနေတာကို အပြီးသတ်နိုင်တာနဲ့ တပြိုင်နက် လာမယ့် ၂ နှစ်အတွင်း နိုင်ငံခြားရန်ပုံငွေ ဒေါ်လာ ၅ ဘီလီယံလောက်ရဖို့ ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
နိုင်ငံရပ်ခြားအရန်ငွေ အပြင်းအထန် ပြတ်လပ်မှုကြောင့် ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ဆီကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်လာခဲ့တာပါ။
အဲဒီနောက် ၂၀၂၂ ခုနှစ် မေလမှာ သီရိလင်္ကာဟာ ပြည်ပကြွေးမြီတွေကို ပြန်ဆပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အပြန်အလှန် ကြွေးစာရင်းပြုစုရာမှာ ဒေါ်လာ ၁၁ ဘီလီယံလောက် တိုးတက်လာပြီး ငွေချေးစာချုပ် ကိုင်ဆောင်သူတွေ အပါအဝင် အဓိကကြွေးရှင်တွေနဲ့ မေလ နောက်ဆုံးပတ်မှာ သဘောတူညီချက်တွေရဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အလီ ဆာဘရီက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အကျပ်အတည်းအတွင်း ရပ်ဆိုင်းထားရတဲ့ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတွေဖြစ်တဲ့ အဝေးပြေးလမ်း၊ ကိုလံဘိုမြို့တော်နားက အဓိကလေဆိပ် တိုးချဲ့မှု၊ ဂျပန်နဲ့ ဒေါ်လာ ၂ ဘီလီယံတန် မီးရထားလမ်း စီမံကိန်း အပါအဝင် စီမံကိန်းတွေအပေါ် အာရုံစိုက်သွားမယ်လို့လည်း ဆိုပါတယ်။
သီရိလင်္ကာမှာ နိုင်ငံတကာ အချုပ်အခြာအာဏာပိုင် စာချုပ်တွေ အပါအဝင် ပုဂ္ဂလိက မြီရှင်တွေအပေါ် အကြွေးဒေါ်လာ ၁၆ ဘီလီယံလောက် ရှိတယ်လို့လည်း ဆာဘရီက ပြောပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဆီက ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထောက်ပံ့ငွေကို ပြီးခဲ့တဲ့မတ်လက ရခဲ့ပြီး ငွေကြေးဖောင်းပွမှုကို နှိမ်နင်းဖို့၊ နိုင်ငံတော်ဝင်ငွေ တိုးမြှင့်ဖို့နဲ့ နိုင်ငံခြားအရန်ငွေတွေ ပြန်လည်တည်ဆောက်ရေးအတွက်လည်း IMF က ကူညီပေးခဲ့ပါတယ်။
Source/Photo-Reuters










