DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် ဟားမတ်စ်တပ်ဖွဲ့က အစ္စရေးတပ်များကို ပြန်တိုက်ခိုက်
DVB
·
February 5, 2024
ဂါဇာတွင် ဟားမတ်စ်တပ်ဖွဲ့က အစ္စရေးတပ်များကို ပြန်တိုက်ခိုက်
Donate to DVB

ဂါဇာကမ်းမြောင်ရှိ အဓိကမြို့ကြီး ၂ မြို့မှာ ဖေဖော်ဝါရီ ၄ ရက်က အစ္စရေးတပ်တွေကို ပါလက်စတိုင်းဟားမတ်စ်တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဆက်လက်လှုပ်ရှားနိုင်စွမ်း ရှိနေသေးကြောင်း ပြသခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

အစ္စရေးတပ်ဖွဲ့တွေ၊ တင့်ကားတွေက ဂါဇာမှာ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တာ လနဲ့ချီ ကြာမြင့်လာတဲ့အချိန် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေ အရှိန်ရလာချိန်အထိ ဟားမတ်စ်အဖွဲ့ဟာ ဆက်လက်အသက်ဝင်နေဆဲ ဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ လေးလနီးပါး ကြာမြင့်လာချိန်မှာ ဟားမတ်စ်တပ်ရင်း ၂၄ ရင်းအနက် ၁၇ ရင်းကို ချေမှုန်းခဲ့ပြီးဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။

ကျန်တဲ့တပ်ရင်းတွေကတော့ ရာဖာ အပါအဝင် အီဂျစ်နယ်စပ် ဂါဇာတောင်ပိုင်းမှာ အများစုကျန်နေပြီး အဲဒီအဖွဲ့တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်။

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့  သိန်းနဲ့ချီတဲ့ ပါလက်စတိုင်းဒေသခံ အများအပြားအတွက် နောက်ဆုံးခိုလှုံရာဖြစ်နေတဲ့ ရာဖာကိုပါ အပြင်းအထန် ထိုးစစ်ဆင်လာမယ်ဆိုရင် ဘယ်ဆက်ပြေးရမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အီဂျစ်နယ်စပ်ကို ကပ်နေတာဖြစ်တဲ့အတွက် အီဂျစ်ကလည်း သူ့နိုင်ငံထဲ ဒုက္ခသည်အလုံးအရင်းနဲ့ ဝင်လာပြီး အမြဲတမ်း အိုးမဲ့အိမ်မဲ့ ဖြစ်နေကြမှာကို လက်မခံဘူးလို့ ကြေညာထားပါတယ်။

အစ္စရေးတာဝန်ရှိသူတွေကတော့ ရာဖာကို မြေပြင်ထိုးစစ်မဆင်မီ အီဂျစ်နဲ့ညှိနှိုင်းပြီး ခိုလှုံနေကြသူ အများစုကို မြောက်ဘက်ကို ပြန်ခေါ်ထုတ်သွားဖို့ နည်းလမ်းရှာနေတယ်လို့ ပြောပါတယ်။

အစ္စရေးတင့်ကားတွေရဲ့ ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာက အိမ်တအိမ်မှာ မိန်းကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းဘက်က ထုတ်ပြန်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013