DVB Logo
Home
မြန်မာသတင်း
၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး ဆက်လက် ဆိုးရွားနေဦးမည်ဟု ပညာရှင်များ သုံးသပ်
DVB
·
February 2, 2024
၂၀၂၄ ခုနှစ်တွင် မြန်မာ့စီးပွားရေး ဆက်လက် ဆိုးရွားနေဦးမည်ဟု ပညာရှင်များ သုံးသပ်
Donate to DVB

စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ ကုန်သွယ်မှုကျဆင်းတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားတာနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ၂၀၂၄ ခုနှစ်မှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးက အဆိုးဘက်ကို ဆက်လက်ဦးတည်နေဦးမယ်လို့ ပညာရှင်တွေက ခန့်မှန်း သုံးသပ်ပါတယ်။

၂၀၂၄ ခုနှစ် နောက်ပိုင်းမှာ တွင်းထွက်ပစ္စည်း သဘာဝဓာတ်ငွေ့လုပ်ငန်း အများစုက ရပ်တန့်သွားနိုင်ပြီး စက်မှုကုန်ချောပစ္စည်း တင်ပို့မှုနဲ့ ပတ်သက်လို့ ကျဆင်းသွားနိုင်ခြေ ရှိတဲ့အကြောင်း ကုန်သွယ်မှုကဏ္ဍ ကျွမ်းကျင်ပညာရှင်တယောက်က သုံးသပ်ပါတယ်။

“၂၀၂၄ နောက်ပိုင်းမှာ အဓိက impact ဖြစ်နိုင်တာက ဒီ CMP လို့ခေါ်တဲ့ စက်မှုကုန်ချောပစ္စည်းက ရတဲ့ဝင်ငွေတွေကလည်း အတော်ကြီး ကျဆင်းနိုင်တယ်။ တလောကပဲ စက်ရုံတွေက ပိတ်သွားတယ်လို့ ကျနော်တို့ကြားရတယ်ပေါ့။ ၂၀၂၄ အလွန် ကာလတွေမှာ နယ်စပ်ဒေသတွေမှာ စစ်မက်ဖြစ်ပွားမှု အခြေအနေကြောင့် CMP တွေအတွက် ကုန်ကြမ်းရနိုင်ဖို့ ခက်ခဲသွားမယ်။ နောက် CMP မှာလုပ်တဲ့ ကျွမ်းကျင်အလုပ်သမားတွေ ကလည်း ပြင်ပထွက်တာများလာတယ်။ အဲဒါတွေကို သိသာစေတယ်။ နောက်ပြီး ကုန်သွယ်မှုလိုငွေတွေက ၂၀၂၃ နိုဝင်ဘာမှာဆို ၁ ဒသမ ၃ ဘီလီယံအထိ ကျဆင်းလာတာကို ကြည့်ပြီး ကျနော်တို့ ကုန်သွယ်မှုတွေက ဘယ်လောက်ထိ ကျဆင်းသွားတယ်ဆိုတာကို ညွှန်းဆိုနေတာပေါ့။ သူတို့အားကိုးရတဲ့ CMP ပမာဏကလည်း အခု ပြိုလဲစပြုနေပြီဆိုတော့ ရှေ့ မြန်မာပြည်စီးပွားရေး အလားအလာကတော့ ဆုတ်ယုတ်ဦးမယ်လို့ သုံးသပ်ရတယ်ပေါ့။”

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ပို့ကုန်တွေကတော့ လယ်ယာထွက်ကုန်ပစ္စည်း၊ သစ်တောထွက်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊ ရေထွက်၊ တွင်းထွက်နဲ့ တခြားပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီအထဲ CMP လို့ခေါ်တဲ့ စက်မှုကုန်ချောပစ္စည်း ပို့ကုန်က ရတဲ့ဝင်ငွေက အများဆုံးဖြစ်ပါတယ်။

တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့ GDP အညွှန်းကိန်းတွေကလည်း အာဏာသိမ်းစ ၂၀၂၁ မှာ အနုတ် ၆ ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ မှာတော့ တိုင်းပြည်ရဲ့ GDP အညွှန်းကိန်းက ၁ ရာခိုင်နှုန်းကို ပြန်လည်ကျဆင်းသွားပြီး ၂၀၂၄ မှာတော့ ဆက်လက်ကျဆင်းပြီး အနုတ်ဘက်ကို ရောက်သွားနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။

“လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ကျဆင်းနေတယ်ပေါ့။ အာဏာစသိမ်းတဲ့နှစ်မှာ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှုန်းလို့ ခေါ်တာပေါ့၊ GDP နှုန်းက အနုတ်လက္ခဏာ ၆ ရာခိုင်နှုန်းလောက်ကို ကျသွားတယ်။ ၂၀၂၁ အာဏာသိမ်းတဲ့အခါမှာ တိုင်းပြည် GDP က မိုင်းနပ် ၆ ကို စိုက်ဆင်းသွားတယ်။ သုညလိုင်းအောက်ကို ကျရာကနေ ၂၀၂၂ မှာ အပေါ်ကို ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်း တက်တယ်။ နောက် ၂၀၂၃ မှာ ၁ ရာခိုင်နှုန်း ပြန်ကျသွားတယ်ဆိုတော့ ၂၀၂၄ ဆို စဉ်းစားကြည့်ပေါ့။ အဲ့တိုင်း အောက်ကျကျသွားမယ်။ ပြောချင်တာ မိုင်းနပ်ဖြစ်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု foreign direct investment ထွက်သွားကုန်ကြပြီ။ တော်တော်ကို ကျသွားပြီနော်။ နောက် ၂၀၂၄ တိုင်းပြည်ရဲ့ ကုန်ထုတ်မှု စားသုံးမှု ဆောင်ရွက်မှုတွေ အကုန်လုံးက ကျသွားပြီးတော့ တိုင်းပြည်စီးပွားရေးက ဆိုးဝါးတဲ့အခြေအနေ ရောက်သွားလိမ့်မယ်။ အကျဘက်ကို ရောက်သွားလိမ့်မယ်။”

လွန်ခဲ့တဲ့ ၃ နှစ်မတိုင်ခင် အရင်အစိုးရလက်ထက်မှာ ကုန်သွယ်မှုလိုငွေကနေ ၁ ဘီလီယံလောက် ကုန်သွယ်မှုပိုငွေ ရလာတဲ့အထိ ကုန်သွယ်မှုအခြေအနေတွေ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေက ဘဏ်တွေကို ယုံကြည်မှုအားနည်းတာ၊ ငွေကြေးရိုက်ထုတ်တာ၊ ကုန်သွယ်ရေးဆိုင်ရာတွေ ကန့်သတ်တာ စတဲ့ စစ်ကောင်စီရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့်လည်း လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ စီပွားရေးအလားအလာက ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013