DVB Logo
Home
မြန်မာသတင်း
ဆင်းရဲနွမ်းပါးသူများ ကူညီရန် အစိုးရ၀န်ကြီးများ လစာ ၄ ပုံ ၁ပုံ ထည့်ဝင်မည်
DVB
·
August 29, 2014
ဆင်းရဲနွမ်းပါးသူများ ကူညီရန် အစိုးရ၀န်ကြီးများ လစာ ၄ ပုံ ၁ပုံ ထည့်ဝင်မည်
Donate to DVB

မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးသူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေး ကူညီပေးဖို့ သမ္မတက ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ရန်ပုံငွေအတွက်တော့ အစိုးရ၀န်ကြီးတွေ လစဉ်ရရှိတဲ့ လစာငွေရဲ့ လေးပုံတပုံဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းကို  မတည်ထည့်ဝင်သွားဖို့ ရှိနေပါတယ်။

poor women&childဆင်းရဲနွမ်းပါးပြီး ပညာထူးချွန်သူတွေ ဆက်လက်ပညာ သင်ကြားနိုင်ဖို့နဲ့ ကျန်းမာရေး ချို့တဲ့ သူတွေ ဆေး ကုသမှု ခံယူနိုင်ဖို့အ တွက် ပြည်ထောင်စု ၀န်ကြီး ဦးသိန်းညွန့် ခေါင်းဆောင် တဲ့ အဖွဲ့ဝင် ၉ ဦးပါ ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကို သမ္မတက ဖွဲ့စည်းပေးထားတာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက “နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ၊  ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုတိယ ၀န်ကြီးများ အကုန်လုံး ခုလောလောဆယ်မှာ  လစဉ်ချီးမြှင့်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ထည့်တာ။ သိန်း ၅၀၀ ပတ်ဝန်းကျင် လောက်တော့ရှိမယ်။ ၁ လကိုပေါ့နော်။  နိုင်ငံတော်သမ္မတရဲ့ ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရောက်ရေးအဖွဲ့ ရန်ပုံငွေအတွက် ထည့်တာ  အခု လေးလပဲရှိသေးတာပါ့” လို့ ပြောပါတယ်။

အကူအညီပေးရေးအစီအစဉ်တွေ လက်တွေ့ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်မလဲ ကူညီတောင်းခံသူတွေအနေနဲ့ ဘယ်ကိုဆက်သွယ်အကူအညီတောင်းခံမလဲ ဆိုတာကတော့ တိတိကျကျ မသိရသေးပါဘူး။

ကူညီတောင်းခံတာနဲ့ပတ်သက်တဲ့  မူဝါဒစည်းမျဉ်းစည်း ကမ်းသတ်မှတ်ချက်အသေးစိတ် ကိုတော့ လာမယ့်လမှာ ကျင်းပဖို့ရှိတဲ့  ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ အစည်းအဝေးအပြီး  တရားဝင် ထုတ်ပြန်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

မကြာခင်မှာ စတင်ဖို့ရှိနေတဲ့ ဆင်းရဲနွမ်းပါးသူတွေကို ကူညီပေးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့တော့  ကျန်းမာရေးဒုဝန်ကြီး ဒေါ်သိန်းသိန်းဌေးက ခုလိုရှင်းပြပါတယ်။

“ချို့တဲ့နွမ်းပါးတဲ့သူတွေ လျှောက်လွှာ သူတို့တင်ပြတာတွေကိုတော့ ကန့်သတ်ချက် မထားချင်ဘူး။ ကျန်းမာရေးချို့တဲ့တယ်၊ ဆေးကုသဖို့ အခက်အခဲရှိတယ်ဆိုရင် ဒီအဖွဲ့ကို အကြောင်းကြားရင် အဖွဲ့ရန်ပုံငွေထဲကဖြစ်ဖြစ် ပံ့ပိုးနိုင်တာ ပံ့ပိုးမယ်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ဗရာ နောက်ပြီးတော့ လူမှုရေးအဖွဲ့အစည်းတွေရော ကျန်တဲ့ စေတနာရှင် ပုဂလိကပဲဖြစ်ဖြစ် အားလုံးနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်ပေးမှာဆိုတော့ အကန့်အသတ် နည်းနိုင်သမျှ နည်းအောင်လုပ်နေပါတယ်။ ကဏ္ဍစုံပေါ့။ မိမိနိုင်ငံ မိမိဒေသအတွက် နယ်ပယ်အသီးသီးမှာ အနုပညာရှင်တွေအပါအ၀င် ဘယ်လိုလူပဲဖြစ်ဖြစ် ထူးချွန်စွာ ဆောင်ရွက်ခဲ့တဲ့လူတွေ၊ စွမ်းဆောင်ရည်မြင့်မားတဲ့လူတွေ တင်မက အမှန်တကယ် ဆင်းရဲနွမ်းပါးတဲ့လူတွေ အားလုံး ကူညီစောင့်ရှောက်ထောက်ပံ့တာကို ရသွားအောင်လို့ပါ။”

ခုလို အစိုးရ၀န်ကြီးတွေကိုယ်တိုင်  လစာငွေနဲ့ ဆင်းရဲသားတွေကို အကူအညီပေးမယ့် အစီအစဉ်ကို ထောက်ခံကြိုဆိုကြသူတွေ ရှိသလို ရွေးကောက်ပွဲနီးလာချိန်မှာ လက်ရှိအာဏာရ  အစိုးရက ရွေးကောက်ပွဲ မဲဆွယ်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ရှုမြင်သူတွေရှိပါတယ်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင်  ဒေါက်တာ သိန်းလွင်က  သူ့ရဲ့အမြင်ကို ခုလို ပြောပါတယ်။

“တကယ်ကို တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ဆိုရင် ပညာရေးကောင်းလာဖို့ လိုတယ်။ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု များများလုပ်ဖို့လိုတယ်။ လူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိလာဖို့လိုတယ်။ နောက် သက်ကြီးရွယ်အိုတွေအတွက်  လူမှုရေးအရ စောင့်ရှောက်မှုတွေ ရှိဖို့လိုတယ်။ အခြေခံကျတဲ့အလုပ်တွေ မလုပ်တော့ဘဲနဲ့ အစိုးရ၀န်ကြီးတွေကနေပြီးတော့ ဒီလို ကျန်းမာရေး၊ ပညာရေးမှာ သူတို့ငွေနဲ့ လုပ်တယ်ဆိုတာ မဲဆွယ်တာသက်သက်ပဲ။ ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့လုပ်တယ်လို့ မြင်တယ်။”

ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဖွဲ့ထားတဲ့  ဆင်းရဲနွမ်းပါးသူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ကတော့ ဒီအစီအစဉ်အတွက် ရန်ပုံငွေထည့်ဝင်လိုသူတွှေအနေနဲ့ တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ၊ ၀န်ကြီးဌာန အလိုက်ဖြစ်စေ ထည့်ဝင် လှူဒါန်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။

အစိုးရက ကျန်းမာရေးဘတ်ဂျက်ကို ၂၀၁၂ ခုနှစ်က ကျပ်သန်းပေါင်း ၃၅၀၊  ၂၀၁၃ ခုနှစ်မှာ ကျပ်သန်းပေါင်း ၄၉၀ သုံးစွဲခဲ့ပြီး ဒီနှစ်မှာ ကျပ်သန်းပေါင်း ၆၅၀ ထိ တိုးမြှင့်ဖို့ တောင်းခံထားပါတယ်။

အလားတူ ပညာရေး အသုံးစရိတ်ကိုလည်း  ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က စုစုပေါင်းအသုံးစရိတ်မှာ ပါဝင်မှုအချိုး ၅ ဒဿမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ရာက  အခုနှစ်မှာ ၅ ဒဿမ ၉၄ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲမယ်လို့ ပြောထားပါတယ်။

ခုလို အစိုးရက ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ်တွေကို အရင်ကထက် တိုးမြှင့်သုံးစွဲနေပေမယ့် ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013