DVB Logo
Home
နိုင်ငံတကာ
ဥရောပတဝန်း လယ်သမား ဆန္ဒပြပွဲများ အရှိန်ကောင်းလာ
DVB
·
February 1, 2024
ဥရောပတဝန်း လယ်သမား ဆန္ဒပြပွဲများ အရှိန်ကောင်းလာ
Donate to DVB

ဥရောပတဝန်းမှာ လယ်သမားဆန္ဒပြပွဲတွေ ပိုမိုအားကောင်းလာနေပြီး ပြင်သစ်၊ ဘယ်လ်ဂျီယံ ကနေ အခုအခါ စပိန်နဲ့ အီတလီက လယ်သမားတွေပါ ပါဝင်လာကြပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

Farmer ကို လယ်သမားလို့ တိုက်ရိုက်ဘာသာပြန်ရတာဖြစ်ပေမဲ့ တကယ်တမ်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအားလုံးကို ဆိုလိုတာဖြစ်ပြီး ပုံမှန် နှံစားသီးနှံ၊ နွားမွေးမြူရေး၊ နို့ထွက်လုပ်ငန်း၊ ဝိုင်ထုတ်လုပ်ရေး၊ စပျစ်ခြံလုပ်ငန်း လုပ်ကိုင်သူတွေအထိ ပါဝင်ပါတယ်။

ပြင်သစ်နဲ့ ဘယ်လ်ဂျီယံမှာ အမြန်လမ်းမတွေကို ပိတ်ဆို့ဆန္ဒပြရာကနေ တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက်က ပါရီမြို့တော်မှာရှိတဲ့ လက်ကားစျေးတခုကို ကာကွယ်ဖို့ အစိုးရက သံချပ်ကာကားတွေ စေလွှတ်ခဲ့ပါတယ်။

အဓိကအားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်လွန်းတာ၊ စိုက်ပျိုးမွေးမြူမှု ကုန်ကျစရိတ်တွေ တက်လာတာ၊ စျေးသက်သာတဲ့ သွင်းကုန်တွေ ပြည်တွင်းစျေးကွက်ထဲ ဝင်လာတာတွေကို မကျေနပ်ကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပနေတဲ့ ဥရောသမဂ္ဂခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ လယ်သမားအရေးက အဓိကဆွေးနွေးတဲ့ အကြောင်းအရာ ဖြစ်လာပါတယ်။

ဥရောပကော်မရှင်ကလည်း ယူကရိန်းက လယ်ယာထွက်ကုန်တင်သွင်းမှုကို ကန့်သတ်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စည်းမျဉ်းတွေ ဖြေလျှော့ပေးဖို့ အဆိုပြုချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ဖြစ်နေတဲ့ ယူကရိန်းကို ကူညီဖို့အတွက် ယူကရိန်းသီးနှံ ထွက်ကုန်တွေအပေါ် အခွန်အကောက်တွေ ယာယီဆိုင်းငံ့ပေးထားလိုက်မှုဟာ သက်ဆိုင်ရာ ဥရောပနိုင်ငံတွေက လယ်သမားတွေအတွက် မကျေနပ်စရာ ဖြစ်လာတဲ့အတွက် ပြန်ကန့်သတ်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ကြေညာချက်တွေ ထုတ်ခဲ့ပေမဲ့ ဥရောပသမဂ္ဂရုံးစိုက်ရာ၊ ခေါင်းဆောင်တွေ တွေ့ဆုံကြမယ့် နေရာဖြစ်တဲ့ ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်ကို ချီတက်လာတဲ့ ထွန်စက်တွေကတော့ ရပ်တန့်မသွားခဲ့ပါဘူး။

ဥရောပကော်မရှင်နဲ့ ကောင်စီအဆောက်အအုံတွေရှေ့မှာတော့ ရဲတွေက အတားအဆီးတွေ လုပ်ထားကြပါတယ်။

ဥရောပတဝန်း အခုလို ဆန္ဒပြပွဲတွေ ဖြစ်နေတာကြောင့် လာမယ့်ဇွန်လမှာ ကျင်းပမယ့် ဥရောပပါလီမန် ရွေးကောက်ပွဲတွေမှာ ကိုယ့်ပြည်တွင်း လယ်သမားအရေး ဦးစားပေးမယ်ဆိုတဲ့ လက်ယာစွန်းဝါဒီတွေ အခြေအနေကောင်းနိုင်ပါတယ်။

ဆန္ဒပြမှုအများစုက ငြိမ်းငြိမ်းချမ်းချမ်းဆိုပေမဲ့ အစိုးရအဆောက်အအုံတွေကို အညစ်အကြေးနဲ့လုပ်တဲ့ မြေဩဇာအရည်နဲ့ပတ်တာ၊ တာယာတွေ မီးရှို့တာမျိုးတွေ ပြင်သစ်နိုင်ငံ နေရာတချို့မှာ ရှိခဲ့ပါတယ်။

ပါရီရဲတပ်ဖွဲ့က ရန်းဂျိစ်လက်ကားစျေးမှာ ပြဿနာရှာတဲ့ လူ ၇၉ ယောက်လောက် ဖမ်းဆီးခဲ့ပါတယ်။ သိုလှောင်တဲ့နေရာကို ဝင်ဖျက်လို့ ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီးက အမြန်လမ်းမတွေ ပိတ်ဆို့ဆန္ဒပြတာအထိ သည်းခံနိုင်ပေမဲ့ လေဆိပ်တွေ ပိတ်ဆို့တာ၊ လက်ကားစျေးတွေ ပိတ်ဆို့တာတော့ ခွင့်မပြုဘူးလို့ ပြောထားပါတယ်။

ပြင်သစ်မှာတော့ စိုက်ပျိုးရေးအတွက် ဒီဇယ်ကို အစိုးရက အရှုံးခံ ရောင်းပေးတာကို ဆက်ထားပေးဖို့ အပါအဝင် အစိုးရက အလျှော့ပေးမှုတွေ အများကြီးလုပ်ပေးဖို့ ကြေညာထားပါတယ်။

စပျစ်ဝိုင် စိုက်ပျိုးထုတ်လုပ်သူတွေအတွက် ယူရို သန်း ၂၃၀ အကူအညီပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013