DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ တပ်ရင်း ၃ ခုကို ၃ ရက်အတွင်း အေအေ သိမ်းပိုက်
DVB
·
February 1, 2024
စစ်ကောင်စီ တပ်ရင်း ၃ ခုကို ၃ ရက်အတွင်း အေအေ သိမ်းပိုက်
Donate to DVB

ရခိုင်ပြည်နယ်မှာ မတူညီတဲ့ မြို့နယ်သုံးခုက စစ်ကောင်စီ ခမရတပ်ရင်း သုံးခုကို သုံးရက်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) ကနေ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်တော်ဘက်က သိမ်းပိုက်လိုက်တဲ့ ခမရတပ်ရင်းသုံးခုလုံးဟာ စစ်ကောင်စီရဲ့ စကခ ၉ လက်အောက်ခံ တပ်ရင်းတွေဖြစ်ပြီး မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်မြို့တွေက တပ်အင်အားအကြီးဆုံး တပ်ရင်းတွေ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်က ဇန်နဝါရီ ၂၉ ရက်ကတည်းက မင်းပြားမြို့နယ်က ခမရ ၃၈၀ တပ်ရင်းတခုလုံးကို သိမ်းပိုက်ခဲ့သလို ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကျောက်တော်မြို့နယ်က ခမရ ၃၇၄ နဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြောက်ဦးမြို့နယ်က ခမရ ၅၄၀ တို့ကို သုံးရက်အတွင်း သိမ်းပိုက်ရရှိလိုက်ပြီလို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

အမည်မဖော်လိုတဲ့ ရခိုင်ပြည်သူတဦးက “မြို့နယ်သုံးခုက တပ်ရင်းသုံးခုကို အလျင်အမြန်နဲ့ သိမ်းနိုင်လိုက်တာဟာ ရခိုင့်တပ်တော်အတွက် ကောင်းတဲ့လက္ခဏာတခု ဖြစ်တယ်။ တပြည်နယ်လုံးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့ အသက်သေဆုံးတာတွေ အလဟဿဖြစ်မယ့်အစား လက်နက်ချ အလင်းဝင်ချိန်တန်ပြီ” လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်သူလူထုကို နှစ်ပေါင်းများစွာ ဖမ်းဆီး၊ သတ်ဖြတ်ခဲ့တဲ့ စစ်တပ်တွေဖြစ်ပြီး ပြည်သူလူထုပိုင်တဲ့ မြို့၊ ရွာ၊ နေအိမ်တွေနဲ့ သမိုင်းဝင်အဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတဲ့တပ်တွေ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စစ်ကောင်စီတပ်ရင်းများသည် ကမ္ဘာ့အမွေအနှစ်များကို နှစ်ရှည်လများ ခိုးယူလုယက် ဖျက်ဆီးခဲ့သော၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သော၊ မြောက်ဦးမြို့ကို မီးလောင်ပြာကျအောင် ကြံစည်ကြိုးစားနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများဖြစ်ကြသည်” လို့ ဆိုပါတယ်။

လက်ရှိ ရက္ခိုင့်တပ်တော်က မြောက်ဦးမြို့မှ ခမရ ၃၇၇၊ ခမရ ၃၇၈ နဲ့ မင်းပြားမြို့မှ ခမရ ၃၇၉ တို့ကိုပါ အပြီးသတ်သိမ်းပိုက်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က တပ်ရင်းတွေ မကျရှုံးဖို့အတွက် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ကူတွေနဲ့ နေ့စဉ်ရက်ဆက်သလို ပစ်ခတ်နေပြီး မြို့ရွာတွေနဲ့ ပြည်သူလူထုပိုင် အဆောက်အဦတွေကိုပါ ပစ်ခတ် ဖျက်ဆီးနေပါတယ်။

နိုဝင်ဘာ ၁၃ ရက်ကတည်းက စတင်ခဲ့တဲ့ ရခိုင် တကျော့ပြန်စစ်ပွဲတွေမှာ ရက္ခိုင့်တပ်တော်ဘက်က စစ်ကောင်စီရဲ့ အင်အားအကြီးဆုံး တပ်တွေဖြစ်တဲ့ ခဝဲဗျူဟာကုန်း၊ နှမဒါဗျူဟာကုန်း၊ မီးဝဗျူဟာကုန်း၊ တရွန်အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာ၊ ရှင်းလက်ဝဗျူဟာ၊ ဆမီးဗျူဟာတွေအပြင် ဒုံးပိုက်၊ ချိန်ခါလီစခန်း၊ ယောချောင်းဗျူဟာကုန်း၊ ဒုံးညိုစခန်းတွေ အပြင် ပလက်ဝမြို့နဲ့ ပေါက်တောမြို့တွေကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော်က ရခိုင်ဒေသတွင်းမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်းတွေ အားလုံးကို တခုမကျန် တိုက်ခိုက်သွားဖို့နဲ့ ရခိုင်ပြည်သူလူထုကို နှစ်ရှည်လများ စစ်ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ရင်းတွေ အားလုံးကို တိုက်ထုတ်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013