DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ပွဲကာလ ၃ လအတွင်း သေဆုံးသူ ၈၀ ကျော်ရှိ
DVB
·
February 1, 2024
ရခိုင်စစ်ပွဲကာလ ၃ လအတွင်း သေဆုံးသူ ၈၀ ကျော်ရှိ
Donate to DVB

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီကြားက နှစ်ဖက်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်အနှံ့မှာ သေဆုံးသူ ၈၁ ဦးအထိ ရှိပြီဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်လိုက်ပါတယ်။

HDCO ရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည် စစ်ပွဲစဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှာ သေဆုံးသူ ၂၈ ဦး၊ ဒီဇင်ဘာလမှာ သေဆုံးသူ ၂၇ ဦးနဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့အထိ သေဆုံးသူ ၂၆ ဦးအထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ ထုတ်ပြန်ချက်ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့အထိ ပြုစုထားတာဖြစ်လို့ သေဆုံးသူဦးရေဟာ ပိုတိုးလာနိုင်ခြေရှိတယ်လို့ ရခိုင်ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတော့ သေဆုံးသူဦးရေက ပိုတိုးလာနိုင်ခြေရှိတယ်။ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အဖွဲ့တွေကိုလည်း ပိတ်ထားတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရတာနဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေနဲ့ မရကြတော့ သေဆုံးသူတွေက ပိုတိုးလာတယ်။”

ရခိုင်ပြည် စစ်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက်ကနေ ပြည်သူတွေကို အဓိကဦးစားပေး ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် သုံးလတာကာလအတွင်းမှာ ဖမ်းဆီးခံရသူ ဦးရေ ၂၇၇ ဦးနဲ့ ဒဏ်ရာရသူ အရေအတွက် စုစုပေါင်း ၂၆၀ အထိ ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တွေမြို့ ဒေသခံတဦးက “လက်နက်ကြီးနဲ့ကော၊ လေကြောင်း၊ ရေကြောင်းတွေနဲ့ပါ နေ့စဉ်ရက်ဆက် ပစ်နေတော့ ပြည်သူတွေက ပြေးပေါက်လည်း မရှိတော့ဘူး။ စစ်တွေမှာဆိုလည်း စစ်တွေမြို့ကို စစ်ရှောင်လာကြတဲ့ ပြည်သူတွေနဲ့ ဘုတ်သမားတွေကို အများဆုံး ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက်ပြုလုပ်လာတော့ ပြည်သူတွေမှာ ပိုဒုက္ခရောက်ရတယ်” လို့ ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူတွေ တိုးပွားနေပြီး မြောက်ဦးမြို့နယ်မှာ သေဆုံးသူ အများဆုံးဖြစ်ကာ စုစုပေါင်း သေဆုံးသူ ၂၅ ဦးအထိရှိပြီလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်မှာ ထိခိုက်ဒဏ်ရာရသူ အများဆုံးဖြစ်ကာ သုံးလတာအတွင်း ဒဏ်ရာရသူ ၆၁ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။

မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ စစ်တွေမြို့မှာ စစ်ကောင်စီဘက်က ဖမ်းဆီးမှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး သုံးလတာအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း အယောက် ၁၁၀ အထိ ရှိတယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်အနှံ့မှာ ပြည်သူလူထုပိုင်တဲ့ ဈေး၊ အိမ်၊ ကျောင်း၊ ဘာသာရေး အဆောက်အဦတွေနဲ့ သမိုင်းဝင် အထောက်အထားတွေကို ပစ်မှတ်ထား ဖျက်ဆီးနေပြီး ခရီးသွားလာခွင့်၊ ကုန်စည်စီးဆင်းခွင့်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ အားလုံးကို ပိတ်ပင်ထားပါတယ်။

အရေးပေါ် ကူညီကယ်ဆယ်ရေး ပြုလုပ်နေတဲ့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်တွင်း တိုက်ပွဲတွေကြောင့် ရခိုင်ပြည်အနှံ့မှာ စစ်ဘေးတိမ်းရှောင်သူဦးရေဟာ ၃ သိန်းကျော်အထိ တိုးလာပြီးတော့ အစားအစာ၊ နေရာထိုင်ခင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင်နဲ့ ရမ်းဗြဲမြို့တွေမှာ စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးနေတဲ့အပြင် ပြည်သူတွေနေထိုင်တဲ့ မြို့ထဲကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်အနှံ့မှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က စတင်ပြီး ရခိုင်ပြည်အနှံ့မှာ ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တဲ့အပြင် ပြည်သူတွေကို ပိုပြီးတော့ ဖမ်းဆီး၊ သတ်ဖြတ်တာတွေကို ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013