၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယား ရောက်လာခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂ ရက်ကြာ တရားဝင်ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရှီ တို့ကြား ထိပ်သီးအစည်းအဝေးတရပ် ကျင်းပပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ထပ်တိုးချဲ့ဖို့အတွက်လည်း ကတိပြုခဲ့ကြပါတယ်။
ဇွန် ၉ ရက်က ကိုရီးယားကျွန်းဆွယ်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ တရုတ်စစ်သားတွေရဲ့ အောက်မေ့ဖွယ်နေရာနဲ့ ပါတီဝင်ရဲဘော်ကို လေ့ကျင့်သင်ကြားပေးနေတဲ့ ထိပ်တန်းကျောင်းတခုပါ သွားရောက်ခဲ့ပါသေးတယ်။
KCNA နိုင်ငံပိုင်မီဒီယာရဲ့ ဖော်ပြချက်အရ တရုတ်နဲ့ ချစ်ကြည်ရင်းနှီးမှုဟာ မြောက်ကိုရီးယားအတွက် ထိပ်တန်းဦးစားပေး ဖြစ်နေဆဲပါပဲဆိုပြီး ကင်မ် ကိုယ်တိုင် ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ကီလိုမီတာ ၁,၄၀၀ အထိ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်ဟာ ၆၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
အခုလိုစာချုပ်မျိုး တရုတ်နဲ့ချုပ်ဆိုထားတဲ့ တခြားနိုင်ငံ မရှိသေးဘဲ တနိုင်ငံကို တိုက်ခိုက်လာရင် နောက်တနိုင်ငံက အကူအညီပေးဖို့ အာမခံထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ ပေကျင်းမြို့တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီးနောက် ရှီက ပြုံယမ်းကို ထွက်ခွာလာခဲ့တာပါ။
အဲဒီနောက် တရုတ်ဟာ မြောက်ကိုရီးယားအတွက် အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံ ဖြစ်တဲ့အလျောက် နိုင်ငံတကာ ကုန်သွယ်မှုပမာဏရဲ့ ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပါတယ်။
လက်ရှိ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေကြောင့် ကျယ်ပြန့်တဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပေကျင်းဟာ ပြုံယမ်းအတွက် ထွက်ပေါက်လည်း ဖြစ်ပါတယ်။
တရုတ်ဘက်ကနေ မြောက်ကိုရီးယားကို လက်နက် တိုက်ရိုက်ရောင်းချတာမျိုး မရှိပေမဲ့လည်း အရပ်ဘက်ရော၊ စစ်ဘက်မှာပါ အသုံးပြုနိုင်တဲ့ ၂ မျိုးသုံး ပစ္စည်းတွေ တိတ်တဆိတ် ထောက်ပံ့ပေးလျက် ရှိပါတယ်။
တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယား စတဲ့ အိမ်နီးချင်း ၃ နိုင်ငံဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားပေမဲ့လည်း ကင်မ်နဲ့ ပူတင် တို့ကြား ပိုမိုကြီးထွားလာတဲ့ မဟာမိတ်ဆက်ဆံရေးကို ရှီက သတိထား စောင့်ကြည်နေတယ်လို့လည်း ဆိုပါတယ်။
အခုလိုမျိုး ရုရှားနဲ့ဆက်ဆံရေး တိုးတက်လာတာနဲ့အမျှ ကင်မ်ဟာ ရှီနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တဲ့အခါ ပိုပြီးကောင်းမွန်တဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ကြောင်း လေ့လာသူတွေအနေနဲ့ သုံးသပ်ထားပါတယ်။










