DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် MOU မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရ
DVB
·
February 1, 2024
ထိုင်းတွင် MOU မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MOU) စနစ်နဲ့ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားအများစုဟာ ထိုင်းနိုင်ငံအတွင်းမှာ အရင်ကထက် အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ မြန်မာအလုပ်သမားကူညီ‌ရေးအဖွဲ့တွေနဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတွေက ပြောပါတယ်။

မြန်မာ MOU အလုပ်သမားတွေဟာ ကျပ် သိန်း ၃၀ နဲ့ သိန်း ၄၀ကြား အကုန်ကြခံပြီး ထိုင်းနိုင်ငံကို တရားဝင်စနစ် နဲ့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပေမယ့် အလုပ်မရရှိတာ၊ စာချုပ်ထဲမှာပါတဲ့ ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်ခွင့်မရရှိတာနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့သာ ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံကနေ MOU စနစ်နဲ့ နိုဝင်ဘာအစက ထိုင်းကို အလုပ်လာလုပ်တဲ့ မြန်မာအလုပ်သမား ၅၁ ဦးဟာ စာချုပ်ပါလုပ်ငန်းခွင်မှာ အလုပ်မလုပ်ကိုင်ရတာ၊ လုပ်ခလစာမရရှိတာ၊ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေအပါအဝင် မလှုံခြုံမှုတွေပါ ခံစားနေရတယ်လို့ MOU မြန်မာအလုပ်သမားတဦးကပြောပါတယ်။

MOU လုပ်သားတွေ စေလွှတနေတဲ့ မြဝတီ-မဲဆောက်လမ်းကြောင်းကို တိုက်ပွဲအခြေအနေတွေကြောင့် ဒီဇင်ဘာ ၁၉ ရက်က ယာယီပိတ်သိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေကို ရန်ကုန်-ဒွန်မောင်း လေယာဉ်ခရီးစဉ်နဲ့ စေလွှတ်သွားမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးက ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးက အလုပ်သမားတွေကို လေကြောင်းနဲ့ပို့မယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ထိုင်းနိုင်ငံမှာ MOU နဲ့ ရောက်လာပြီး အလုပ်မရှိဘဲ ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမား များစွာရှိနေတယ်လို့ WAG မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက ပြောပါတယ်။

မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ နောက်ထပ်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အာမခံမှုရှိပြီး ယုံကြည်စိတ်ချရတဲ့အေဂျင်စီနဲ့ စာချုပ်ချုပ်ကာ လာရောက်အလုပ်လုပ်ကိုင်ကြဖို့ မြန်မာအလုပ်သမားကူညီ‌စောင့်ရှောက်ရေးအဖွဲ့‌တွေက တိုက်တွန်းထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့တဲ့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ မြန်မာအလုပ်သမားတွေ စေလွှတ်မှုအား ၂၀၂၂ မေလမှာ စစ်ကောင်စီက ပြန်ခွင့်ပြုပေးခဲ့ပေမဲ့ နှစ်နိုင်ငံ အေဂျင်စီတွေက ဥပဒေချိုးဖောက်မှုနဲ့ စက်ရုံများဘက်မှစာချုပ်ပါ အချက်အလက် ချိုးဖောက်မှုတွေကို တာဝန်ခံမှုမရှိ‌တဲ့အပြင် မြန်မာအလုပ်သမားသံရုံးကလည်း မဖြေရှင်းပေးကြောင့် မြန်မာအလုပ်သမားတွေ အခက်အခဲကြုံတွေ့နေရပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းလောက်ရှိပြီး အဲဒီထဲမှာ MOU အလုပ်သမား ၁၅ သိန်းလောက် ရှိတယ်လို့ ထိုင်းအစိုးရရဲ့ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးတာနဲ့ စီးပွားရေး အဆင်မပြေတာတွေကြောင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နဲ့ အာရပ်နိုင်ငံတို့မှာ သွားရောက် အလုပ်လုပ်ကိုင်သူ သိသိသာသာ တိုးပွားလာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013