DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေထီဖွင့်ပွဲ၌ သစ်သားစည်ထဲမှ ဂေါ်လီလုံးနှိုက်ယူသည့်စနစ် ရပ်နား
DVB
·
January 31, 2024
အောင်ဘာလေထီဖွင့်ပွဲ၌ သစ်သားစည်ထဲမှ ဂေါ်လီလုံးနှိုက်ယူသည့်စနစ် ရပ်နား
Donate to DVB

ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်မယ့် ထီဖွင့်ပွဲကစပြီး သစ်သားစည်အတွင်းကနေ အက္ခရာနဲ့ ဂဏန်းဂေါ်လီတွေကို လူပုဂ္ဂိုလ်တွေက နှိုက်ယူဖွင့်လှစ်တဲ့နည်းလမ်း ရပ်နားမယ်လို့ စစ်ကောင်စီရဲ့ အောင်ဘာလေ သိန်းဆုဌာနခွဲက ကြေညာပါတယ်။

အောင်ဘာလေသိန်းဆုဌာနခွဲအနေနဲ့ နဂိုအသုံးပြုခဲ့တဲ့ နည်းလမ်းအစား Air Blow Digital Machine စက်နဲ့ ဆုမဲတွေ ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီလို Air Blow Digital Machine စက်နဲ့ ဆုမဲတွေ ရွေးချယ်ဖွင့်လှစ်မယ့် နည်းလမ်းကို အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက စီစဥ်ခဲ့ပြီး အခုမှ အကောင်အထည်ပေါ်လာတာ ဖြစ်တယ်လို့ ထီကိုယ်စားလှယ် အသိုင်းအဝိုင်းက ဆိုပါတယ်။

ပန်းဘဲတန်းမြို့နယ်မှ ထီကိုယ်စားလှယ်တဦးက “နိုင်ငံတကာမှာ အသုံးပြုနေတာတော့ ကြာပြီ။ ကိုယ်တွေဆီမှာလည်း သမားရိုးကျနည်းကနေ စွန့်ထွက်ဖို့ အကြံပြုနေခဲ့တာလည်း ကြာပြီ။ ပြည်သူတွေ ထီဝယ်လိုအားများတဲ့အချိန်က ပြောင်းသင့်တာပေါ့။ အခုက ထီရောင်းအား ကျနေချိန်ဆိုတော့ နည်းစနစ်ပြောင်းလည်း လူစိတ်ဝင်စားမှုမရတဲ့ အနေအထား ဖြစ်သွားတယ်” လို့ ပြောပါတယ်။

အရင်က သစ်သားစည်ပိုင်းအတွင်းကနေ ဂေါ်လီလုံးကို အခြေခံပညာကျောင်းမှ ကျောင်းသားတွေက အလှည့်ကျ နှိုက်ယူပြီး ထီဖွင့်လှစ်တဲ့နည်းလမ်းကို အောင်ဘာလေသိန်းဆုဌာနက ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

ထီဖွင့်ပွဲမတိုင်ခင် ထီကိုယ်စားလှယ်တွေက ဂေါ်လီလုံးတွေကို အရင်ဆုံး စစ်ဆေးပြီး ကျေနပ်မှ ထီဖွင့်ပွဲကို စတင်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလကစပြီး အခြေခံပညာကျောင်းက ကျောင်းသားတွေ နေရာမှာ ဌာနဆိုင်ရာဝန်ထမ်းတွေက ဂေါ်လီလုံးနှိုက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အခု နည်းစနစ် ပြောင်းသွားတာ ဖြစ်ပါတယ်။

အောင်ဘာလေထီဟာ အာဏာသိမ်းမှုမတိုင်ခင်က အက္ခရာအလုံး ၄၀ ကျော်အထိ ရိုက်နှိပ် ရောင်းချနိုင်ခဲ့တဲ့အထိ ပြည်သူတွေရဲ့ အားပေးမှု ရခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကို သပိတ်မှောက်တဲ့အနေနဲ့ ပြည်သူအများစုက ထီဝယ်ယူကံစမ်းမှု ရပ်နားခဲ့ကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီထိန်းချုပ်မှုအောက်က အောင်ဘာလေသိန်းဆုဌာန အနေနဲ့ ထီအက္ခရာ ၁၀ လုံးနီးပါးသာ ထုတ်နိုင်တော့သလို လစဥ် ရောင်းမကုန်တဲ့ ထီစောင်ရေ သိန်းချီရှိနေတယ်လို့ ထီလောကအသိုင်းအဝိုင်းကနေ သိရပါတယ်။

အဲဒီလို ထီရောင်းအားကျဆင်းနေလို့ အွန်လိုင်းထီစနစ်ကို ထပ်တိုးဖွင့်လှစ်ခဲ့ပေမဲ့လည်း ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို မရရှိခဲ့ဘူးလို့ သူ​တို့ကဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013