DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ စစ်တပ်အာဏာဆက်ကိုင်ထားရန် မရေရာမသေချာဆုံးအချိန်ရောက်လာပြီဟု ICG  သုံးသပ်
DVB
·
January 31, 2024
မြန်မာနိုင်ငံ၌ စစ်တပ်အာဏာဆက်ကိုင်ထားရန် မရေရာမသေချာဆုံးအချိန်ရောက်လာပြီဟု ICG  သုံးသပ်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ် ရှိလာချိန်မှာ စစ်တပ်ရဲ့ အာဏာဆက်လက် ကိုင်စွဲထားနိုင်မလားဆိုတာ နှစ်ပေါင်း ၆၀ အတွင်း မရေရာ မသေချာဆုံးအချိန်ရောက်လာပြီလို့ နိုင်ငံတကာပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။  

မြန်မာ့အရေးအပါအဝင် ကမ္ဘာတဝန်း ပဋိပက္ခတွေကို စောင့်ကြည့်လေ့လာနေတဲ့ Internation Crisis Group (ICG) အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေးက ပြောကြားလိုက်တာပါ။ 

“အာဏာသိမ်းပြီးနောက် ၃ နှစ်ပြည့်လာချိန်မှာ မြန်မာစစ်တပ်က အာဏာကို ဆက်ပြီး ထိန်းချုပ်ထားနိုင်ပါ့မလားဆိုတာ ပြီးခဲ့တဲ့ နှစ် ၆၀ အတွင်း မရေရာဆုံးအချိန်ကို ရောက်လာခဲ့ပါပြီ။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့သုံးလအတွင်း မြန်မာနိုင်ငံအနှံ့က အတိုက် အခံတွေနဲ့ တိုက်ပွဲတွေမှာ နယ်မြေတွေ၊ မြို့တွေ၊ တပ်သားတွေ အဆက်မပြတ် ဆုံးရှုံးနေခဲ့တာဖြစ်ပါတယ်။ သို့တိုင်အောင် မြန်မာစစ်တပ်ဟာ ဆက်လက် တိုက်ခိုက်ဖို့ဆုံးဖြတ်ထားသလို သူဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေက အရပ်သားတွေနဲ့ အရပ်ဘက် အဆောက်အဦတွေကို လေကြောင်းကနေလည်းကောင်း၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ လည်းကောင်း ဆက်လက်အကြမ်းဖက်တိုက်ခိုက်ဖို့အတွက်လည်း အင်အားကောင်းကောင်း ကျန်နေပါသေးတယ်။ တိုက်ပွဲတွေအတွင်း ဆုံးရှုံးမှုတွေကြောင့် ရှက်စိတ်မွှန်နေတဲ့ အမျိုးသားရေး အစွန်းရောက်တွေနဲ့ စစ်တပ်ထောက်ခံသူတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြုံစဖူး လူသိထင်ရှား ဝေဖန်ပစ်တင်နေကြပါတယ်။ သူ့ကို စိတ်ခေါ်ပြီး သူ့နေရာယူရဲတဲ့ စစ်ဗိုလ်ချုပ်တွေ ပေါ်လာမလား၊ ဒါမှမဟုတ် စစ်တပ် အသိုင်းအဝိုင်းက သူ့နေရာမှာ တကယ်ပဲ တယောက်ယောက်ကို အစားထိုးချင်နေပြီလားဆိုတာ ကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။”

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကျယ် ရှုံးနိမ့်သွားပြီးနောက်  မဲစာရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ  မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်တပ်က အရပ်သားအစိုးရ လက်ထဲကနေ အဓမ္မ အာဏာသိမ်းယူခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  အရေးပေါ်အခြေအနေကြေညာနိုင်တဲ့သတ်မှတ်ကာလ ၂ နှစ် ပြည့်သွားပြီဖြစ်လို့ သက်တမ်းထပ်တိုးခွင့်မရှိတော့ပေမဲ့ တိုင်းပြည်ဟာ သာမန်အခြေအနေ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ဥပဒေချိုးဖောက်က သက်တမ်းအကြိမ်ကြိမ် ထပ်တိုးနေတာ ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာလည်း အရေးပေါ်အခြေအနေထပ်တိုးကြေညာထားတဲ့ သက်တမ်း ထပ်မံကုန်သွားပြီဖြစ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပြီး  နောက်ထပ်  ၆ လ ထပ်တိုးနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ အရ ကာလုံဟာ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သူ့အားပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးလို့ သတ်မှတ် အချိန်ကာလ တိုးမြှင့်ပေးဖို့ အကျိုးအကြောင်း ဖော်ပြပြီး တင်ပြလာပါက သာမန်အားဖြင့် တကြိမ်လျှင် ၆ လအထိ နှစ်ကြိမ်တိုးမြှင့်ပေးနိုင်တယ်လို့ပဲ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။  

ဒီပြဋ္ဌာန်းချက်အရ စစ်ကောင်စီဟာ ၆ လသက်တမ်းနှစ်ကြိမ်တိုင်တိုးထားပြီးဖြစ်လို့ ထပ်တိုးခွင့် မရှိတော့ဘူးလို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။

ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့  မြန်မာစစ်အာဏာရှင်တွေကို သေချာစောင့်ကြည့်ဖို့လိုသလို အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး နည်းလမ်းရှာဖို့လိုတယ်လို့  ICG အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး  ရစ်ချတ်ဟိုဆေးက ပြောပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီကရော အာဆီယံအဖွဲ့ကပါ မြန်မာစစ်အာဏာရှင်တွေကို သေချာစောင့်ကြည့်နေကြဖို့ လိုသလို သူတို့ရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ဘာတွေလုပ်လို့ရမလဲဆိုတာကိုပါ ရှာဖွေလေ့လာနေဖို့လိုပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံတွင်းက အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေအတွက် လိုအပ်နေတဲ့ အသက်ကယ်ဆယ်ရေး အကူအညီတွေပေးပို့ရေးမှာ ပိုမိုတိုးမြှင့်ပေးအပ် အားစိုက်ဆောင်ရွက်ဖို့လိုအပ်နေတာကို တွေ့ရှိရပါတယ်။”

မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ ပညာ၊ ကျန်းမာရေး၊ လူ့အခွင့်အရေး နဲ့ သတင်းလွတ်လပ်ခွင့်အပါအဝင် အဘက်ဘက်က ယိုယွင်းပျက်စီးလာနေတာ ဖြစ်ပါတယ်။ 

စစ်အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ မြန်မာပြည်သူပေါင်း ၄၄၆၈ ဦး ရှိခဲ့သလို ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၅၉၂၆ ဦးရှိပြီး ဒီအထဲမှ ၁၉၉၈၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013