DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန် မြန်မာ့လူ့အခွင့်အရေး ပိုဆိုးရွားနေဟု ကုလမဟာမင်းကြီးပြော 
DVB
·
January 31, 2024
စစ်အာဏာသိမ်း ၃ နှစ်ပြည့်ချိန် မြန်မာ့လူ့အခွင့်အရေး ပိုဆိုးရွားနေဟု ကုလမဟာမင်းကြီးပြော 
Donate to DVB

စစ်ရှုံးနေတဲ့ မြန်မာစစ်တပ်ရဲ့ မည်းမည်းမြင်ရာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆုံးရှုံးမှုတွေ ပိုမိုဆိုးရွားနေတယ်လို့   ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြောပါတယ်။

မြန်မာနိုင်ငံသားတွေခံစားနေရတဲ့ ဒုက္ခတွေအတွက် နိုင်ငံတကာရဲ့ လုံလောက်တဲ့ အာရုံစိုက်မှုမရရှိတာကြောင့် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှု ၃ နှစ်ပြည့်လာတဲ့အချိန်မှာ ဘယ်တုန်းကမှမကောင်းခဲ့တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေဟာ အဆီးအတားမဲ့ ဆိုးချင်တိုင်း ဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် က ပြောပါတယ်။

"ကမ္ဘာတဝန်း ပြဿနာတွေဖြစ်နေချိန်မှာ ဘယ်သူတဦးတယောက်ကိုမှ မေ့မထားကြဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံသားတွေ ဒီဒုက္ခတွေကို ခံစားနေခဲ့ရတာ အချိန်တော်တော် ကြာလာခဲ့ပြီဖြစ်ပါတယ်။ ပြည်သူတွေကို ပစ်မှတ်ထားအကြမ်းဖက်နေကျ မြန်မာစစ်အာဏာရှင်တွေရဲ့ နည်းဗျူဟာတွေကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေစပြီး မြန်မာနိုင်ငံက လူအခွင့်အရေးဆိုင်ရာ ပြဿနာတွေဟာ ပိုလို့ဆိုးရွားလာခဲ့ပါတယ်" လို့ မစ္စတာ တာ့ခ် ကပြောပါတယ်။

မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် အရပ်သားတွေ သန်းနဲ့ချီပြီး အိုးအိမ်မဲ့ဖြစ်ခဲ့ကြရသလို သေဆုံးမှုတွေလည်း အမြောက်အမြား ရှိခဲ့ပြီး တိုက်ပွဲတွေအတွင်း အရှုံးတွေဆက်တိုက် ကြုံလာရတဲ့ မြန်မာစစ်တပ်ဟာ မည်းမည်းမြင်ရာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာပြောပါတယ်။

အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ အောက်တိုဘာလနောက်ပိုင်း တိုက်ပွဲတွေကြောင့် သေဆုံးရသူ ၅၅၄ ဦးနဲ့အထက်ရှိခဲ့ပြီး  ၂၀၂၃ ခုနှစ် တနှစ်တာကာလအတွင်း စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၁၆၀၀ ကျော်ရှိခဲ့ကာ အရင်နှစ်ကထက် ၃၀၀ လောက် ပိုများလာခဲ့တယ်လို့ဆိုပါတယ်။

ဇန်နဝါရီ ၂၆ ရက်အထိ နိုင်ငံရေးအကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ ၂၆၀၀၀ နီးပါးရှိခဲ့ပြီး ၁၉၉၇၃ ဦးဟာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ကာ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း စစ်တပ်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့သူ ၁၅၇၆ ဦးရှိခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ သူတို့ရဲ့ ရန်သူတွေကို ထောက်ခံအားပေးနေတယ်လို့ သူတို့ ထင်မြင်ယူဆသူတွေကိုအပြစ်ပေးတဲ့ နည်းဗျူဟာကို စွဲစွဲမြဲမြဲကျင့်သုံးနေခဲ့တာဖြစ်တယ်လို့  မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြောပါတယ်။

"အကျိုးဆက်အနေနဲ့ စစ်တပ်ဟာ အရပ်သားတွေကိုရော၊ နိုင်ငံတကာ ဥပဒေနဲ့ ကာကွယ်ပေးထားတဲ့ ဆေးဘက်ဆိုင်ရာအဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေလို နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့လာခဲ့ပါတယ်။ မည်းမည်းမြင်ရာ လေကြောင်းက နေဗုံးကြဲတိုက်ခိုက်တာကိုကြည့်ရင် မြေပြင်ပေါ်က အရပ်သားတွေကို ကာကွယ်ဖို့ သူတို့ စိတ်ထဲမှာ  မရှိတာကို သိသာစေတယ်။ တိုက်ပွဲနဲ့ ပတ်သက်ပြီး အရပ်သားတွေကို အန္တရာယ် သတိပေးနိုင်မယ့် အခြေခံဆက်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်။"

ရခိုင်ပြည်နယ်က ၁၇ မြို့နယ်အပါအဝင် ၇၄ မြို့လောက်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ပိတ်ဆို့ဖြတ်တောက်ခံထားရဆဲ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ နိုဝင်ဘာလတည်းက ရခိုင်ပြည်နယ်ဟာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရပြီး ရိုဟင်ဂျာအပါအဝင် ရခိုင်က လူ့အဖွဲ့အစည်း အတော်များများဟာ မိုခါမုန်တိုင်းရဲ့ ဒဏ်ကိုခံစားခဲ့ရကာ လူမှုကူညီထောက်ပံ့မှုတွေကို မြန်မာစစ်တပ်က လနဲ့ချီ ပိတ်ဆို့ထားတာကိုလည်း ခံခဲ့ကြရပါတယ်။

ရိုဟင်ဂျာရွာတွေကိုလည်း မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့်   သေဆုံး ဒဏ်ရာရမှုတွေ  သတင်းတွေမှာ ကြားသိနေရကြောင်း၊ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ စစ်ပွဲမှာပါဝင်တဲ့ အဖွဲ့တွေဟာ အရပ်သားတွေနဲ့ အရပ်ဘက်ဆိုင်ရာပစ္စည်းတွေ ထိခိုက်မှုမရှိရအောင် သတိထားဖို့လိုကြောင်းမစ္စတာ တာ့ခ်က ပြောပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ အလွန်ဆိုးရွားတဲ့အခြေအနေတွေကြား ပိတ်မိနေပြီး နေရပ်ကို ဘေးကင်းလုံခြုံစွာပြန်လို့မရတဲ့ ရိုဟင်ဂျာတွေဟာ အသက်အန္တရာယ်ရှိတဲ့ ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး သူတို့ကို လက်ခံမယ့် နေရာ သို့မဟုတ် လူ့အဖွဲ့အစည်းတွေကို လိုက်ရှာနေကြရတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နောက်ထပ်ဖြစ်လာနိုင်တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို အာဏာကုန်သုံး ကာကွယ်ပေးဖို့နဲ့ ပြစ်မှုကျူးလွန်တာတွေကို မှတ်တမ်းတင်ထားတဲ့ သက်သေအထောက်အထားတွေ မပျောက်ပျက်အောင် ကာကွယ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က အမိန့်ချထားတာကို ပြန်လည်ရည်ညွှန်းပြီး နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်တပ်ကို အပြစ်ပေးနိုင်ရေးအတွက် ကြိုးပမ်းမှုကို နှစ်ဆတိုးပြီး အားထုတ်ဖို့လိုတယ်လို့ မစ္စတာ တာ့ခ်ကတိုက်တွန်းပါတယ်။  

ဒီပြဿနာတွေ အားလုံးအဆုံးသတ်ဖို့အတွက် စစ်ခေါင်းဆောင်တွေကို သူတို့ရဲ့ ပြစ်မှုတွေအတွက် တာဝန်ယူခိုင်းပြီး နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ အရပ်သားအစိုးရ ပြန်လည်အသက်ဝင်လာဖို့ ဆောင်ရွက်နိုင်မှသာ ဖြစ်လိမ့်မယ်လို့ ဗော်လ်ကာတာ့ခ်က ပြောပါတယ်။

"စစ်တပ်က ပြင်းထန်ဆိုးရွားတဲ့အကြမ်းဖက်မှုတွေကျူးလွန်ပြီးနိုင်ငံတကာ ဥပဒေအပေါ် အထီမဲ့မြင်ပြုနေတာတွေကို နောက်ထပ်ကျူးလွန်နိုင်ခြင်းမရှိအောင်၊ စစ်တပ်လက်ထဲ လက်နက်၊ လေယာဉ်ဆီနဲ့ နိုင်ငံခြားငွေ မရအောင် နောက်ထပ်ပိုမိုတင်းကျပ်တဲ့ စီးပွားရေးပိတ်ဆို့တာတွေ အပါအဝင် မြန်မာနိုင်ငံက ပြဿနာကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို လိုအပ်သလို ဆောင်ရွက်ပေးကြဖို့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးကို ကျနော်တိုက်တွန်းပါတယ်။"

တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးကို ကိုယ်စားပြုတဲ့ မြန်မာ့လူမှုအဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ၊ ဒီမိုကရေစီပြန်လည်ရရှိရေး လုပ်ငန်းစဉ်တိုင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါဝင်ဖို့ တိုက်တွန်းမှုတွေ၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအပေါ် အလေးထားမှုတွေအပြင် သူတို့ရဲ့ သတ္တိနဲ့ ကြံ့ကြံ့ခံရင်နိုင်မှုအတွက် မြန်မာလူမှုအသိုက်အဝန်းကို ချီးကျူးဂုဏ်ပြုပါတယ်" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ် ကပြောပါတယ်။

photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013