DVB Logo
Home
မြန်မာသတင်း
ပိုငြိမ်းချမ်းသည့် လူ့ဘောင်အဖွဲ့အစည်း တည်ထောင်ကြရမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော
DVB
·
January 30, 2024
ပိုငြိမ်းချမ်းသည့် လူ့ဘောင်အဖွဲ့အစည်း တည်ထောင်ကြရမည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော
Donate to DVB

ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲနိုင်ဖို့ လိုအပ်ပြီး ပိုငြိမ်းချမ်းတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်ကြဖို့ဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၃၀ ရက်မှာလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ အစည်းအဝေးမှာ ပြောတာဖြစ်ပြီး ပြည်သူလူထုဟာ စစ်ဒဏ်ကို ခါးစည်းမခံရစေဖို့ အမြဲသတိပြုရမှာ ဖြစ်ကြောင်းနဲ့ ပဋိပက္ခသံသရာစက်ဝန်းကို လက်တွေ့ကျကျ ဖောက်ထွက်ဖို့ အားလုံး ကြိုးစား တည်ဆောက်ကြရမယ်လို့လည်း ပြောပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “ကျနော့်အနေနဲ့ အလေးအနက်ထား ပြောကြားချင်တာကတော့ ‘ပြောင်းလဲလာတဲ့ ခုခံတော်လှန်စစ်ရေး အောင်ပွဲတွေနဲ့အတူ လိုက်ပါဆောင်ရွက်ရမယ့် ဖက်ဒရယ်မူဝါဒရေးရာ ကိစ္စရပ်တွေ’ ပဲ ဖြစ်ပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ မြို့သိမ်းတိုက်ပွဲတွေအထိ အောင်မြင်လာတာကို အားလုံးတွေ့မြင်နေရပြီး ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ်အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ အရေးကြီးသလို လူမျိုးရေးအရလည်း အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ရှေးရှုတည်ဆောက်နေတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် အရေးပါတဲ့ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ခုခံတော်လှန်စစ် အောင်ပွဲရလဒ်တွေကို ဖက်ဒရယ်အခြေခံမူတွေနဲ့ ပေါင်းစပ် တည်ဆောက်နိုင်ရေးဟာ နိုင်ငံရေးအမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်သလို မဟာဗျူဟာကျကျ တွေးခေါ်ချဉ်းကပ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ သမိုင်းဇာတ်ကြောင်းကို ကြည့်ရင် အကဲဆတ်တဲ့ အတွေးအခေါ်တွေ၊ ဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံခံရမှုများအပေါ် မှီတည်ပြီး လက်နက်ကိုင်ပဋိပက္ခက ယှဉ်တွဲလာတယ် ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီသမိုင်းသင်ခန်းစာကို သတိချပ်ပြီး ကျနော်တို့အနေနဲ့ လက်ရှိ ပစ္စုပ္ပန်ကာလမှာ ပို၍ ငြိမ်းချမ်းသော လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်ကြဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခု နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ အရင်နဲ့မတူတဲ့ လူ့အဖွဲ့အစည်းအသစ်ကို တည်ဆောက်နိုင်ဖို့ ဦးတည်လျှောက်လှမ်းနေတယ်ဆိုတာ တွေ့ရမှာဖြစ်ပြီး လက်တွေ့အခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ရေးရာ စဉ်းစားချက်တွေကို သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေကြားမှာ ညီညီညွတ်ညွတ် တိုင်ပင်ဆွေးနွေးကြဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

“ဖက်ဒရယ်နဲ့ပတ်သက်လာရင် အကဲဆတ်တဲ့ လူမျိုးရေးအမြင်တွေကိုလည်း နိုင်ငံရေး ခန္တီတရား အပြည့်အဝနဲ့ သဘောထားကြီးကြီး ရှုမြင်ကြဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ၊ အမှတ်သရုပ်ပေါင်းစုံရှိတဲ့ ကျနော်တို့တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းစွာ အတူပေါင်းစည်း နေထိုင်ရေးမူဟာ ဖက်ဒရယ်ဒီမိုကရေစီမူတွေပဲလို့ ကျနော် ယုံကြည်ထားပါတယ်။ ဒါ့ကြောင့် လက်တွေ့အခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ရေးရာ စဉ်းစားချက်တွေကို သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေကြားမှာ ညီညီညွတ်ညွတ် တိုင်ပင်ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။”

“အခုဆိုရင် နွေဦးတော်လှန်ရေးအတွင်းမှာ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) ကိုလည်း စုပေါင်းသဘောတူညီချက်နဲ့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေဟာ ကျနော်တို့ တိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ တူညီသော ဘုံအတွေးအခေါ်  အယူအဆဖြစ်သလို အနာဂတ် လူ့အဖွဲ့အစည်းအတွက် အုတ်မြစ်တည်မယ့် အခြေခံမူတွေလည်း ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်တဲ့အခါ လူ့အဖွဲ့အစည်းကို ပိုမိုအက်ကွဲလာမယ့် သဘောထားတွေကို အထူးအလေးထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းနိုင်သော လူမျိုးရေးအရ ပိုမိုစေးကပ်မှုရှိသော နိုင်ငံရေးလှုပ်ရှားမှုတွေဖြစ်ဖို့ ကျနော့်အနေနဲ့ အထူးလိုလားပါတယ်။ လူမျိုးရေးအက်ကြောင်းတွေကို နက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထား ဂရုစိုက်ရမှာ ဖြစ်ပါတယ်” လို့လည်း ဆက်ပြောပါတယ်။

ပြည်သူလူထုဟာ စစ်ဒဏ်ကြောင့် မောပန်းမှုဒဏ်ကို ခါးစည်းမခံရစေဖို့ အမြဲသတိပြုရမှာ ဖြစ်ကြောင်းနဲ့ ပဋိပက္ခသံသရာစက်ဝန်းကို လက်တွေ့ကျကျ ဖောက်ထွက်ဖို့ အားလုံး ကြိုးစားတည်ဆောက်ကြရမယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “၂၀၂၃ မှာ One year plan ကို ချမှတ်ပြီး တွန်းတွန်းတိုက်တိုက်နဲ့ စီမံဆောင်ရွက်ခဲ့မှုတွေရဲ့ ရလဒ်တွေကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မြင်တွေ့ခဲ့ကြရတာမို့ ဒီအရှိန်အဟုန်နဲ့ ရှေ့ဆက်ပြီး ၂၀၂၄ ဟာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းရမယ့်နှစ်တနှစ်အဖြစ် ကျနော်တို့တွေအားလုံး စဥ်းစားထားကြရမှာ ဖြစ်ပါတယ်။ အပြီးသတ်ချေမှုန်းပြီး ပွဲသိမ်းတိုက်ပွဲကို ကောင်းစွာဖော်ဆောင်နိုင်ဖို့ရန် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးမှာ အင်အားတွေ၊ စုစည်းမှုတွေလည်း အခိုင်အမာ ရှိနေပြီလို့ ယုံကြည်ပါတယ်။ တော်လှန်ရေးရဲ့အရှိန်ဟာ မြန်ဆန်လွန်းတာဖြစ်တဲ့အတွက် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးကြရမယ့် ကဏ္ဍတွေအတွက်လည်း သွက်သွက်လက်လက် လုပ်ဆောင်စေချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ရေးအရှိန်အဟုန်နဲ့အတူ နောက်ကလိုက်ပြီး စနစ်တကျ စီမံထိန်းချုပ်နိုင်မယ့် အုပ်ချုပ်‌ရေး အစီအစဉ်တွေ၊ နိုင်ငံရေးအရ လိုအပ်တဲ့ ဆွေးနွေးမှုတွေ အားလုံးမှာ အချိန်ကိုက် လှုပ်ရှားမှုတွေရှိဖို့ အင်မတန်အရေးကြီးပြီး မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ လျော့ရဲနေတဲ့ ပြဿနာတွေအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ သေသေချာချာ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာက တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို စောင့်ကြည့်နေကြောင်း၊ ပုံမှန်ကာလမှာတောင် တရားဥပဒေစိုးမိုးရေးကဏ္ဍက ကိုင်တွယ်ရတာ မလွယ်ကူတာမို့ အခုတော်လှန်ရေးကာလမှာ ပိုမိုခက်ခဲမှာဖြစ်ကြောင်းနဲ့ လုပ်ဆောင်ရနိုင်သမျှ နည်းလမ်းတွေ ရှာပြီး ဖိဖိစီးစီး စီမံဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013