DVB Logo
Home
မြန်မာသတင်း
မတ်ပဲအသစ် ပေါ်ချိန် စံချိန်တင်ဈေးမြင့်နေ
DVB
·
January 28, 2024
မတ်ပဲအသစ် ပေါ်ချိန် စံချိန်တင်ဈေးမြင့်နေ
Donate to DVB

မတ်ပဲအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်လာပေမယ့် မြန်မာ့မတ်ပဲရဲ့ အဓိက ဈေးကွက်ဖြစ်တဲ့ အိန္ဒိယမှာ ပဲလိုအပ်ချက်မြင့်မားတာကြောင့် မတ်ပဲ ၁ တင်းကို ကျပ်တသိန်းကျော်အထိ စံချိန်တင်မြင့်တက်နေတယ်လို့ မတ်ပဲစိုက်တောင်သူတွေနဲ့ ရောင်းဝယ်သူတွေက ပြောပါတယ်။

မနှစ်က မတ်ပဲအသစ်ပေါ်ချိန်မှာ ၁ တင်း(ပိဿာ ၂၀) ကို ကျပ် ၆၀,၀၀၀ ပဲရှိခဲ့ပေမယ့် အခုနှစ် မတ်ပဲစပေါ်တဲ့အချိန် ဒီနေ့ဈေးနှုန်းအရ ၁ တင်းကို ကျပ် ၁၀၅,၀၀၀ အထိရှိလာပြီး မနှစ်ကထက် ကျပ် ၄၅,၀၀၀ ပိုများနေတာပါ။

မတ်ပဲ‌စိုက်တောင်သူ‌တယောက်က “မတ်ပဲက တခါမှ ဒီလိုဈေးမရဖူးဘူး။ ဒီလိုဈေးနဲ့ဆို အကိုက်တောင် လွန်ပါတယ်။ အခုအချိန်က မတ်ပဲအသစ်တွေ ပေါ်တဲ့အချိန်လေ။ ဒီအချိန်ဆိုရင် ဈေးက ကျသွားတတ်ပေမယ့် အခုက မတ်ပဲ ရှားတဲ့အချိန် မရဖူးတဲ့ ဈေးတွေ ရနေတာ။ တချို့ကျတော့ ပေါ်ပေါ်ချင်း ရောင်းနေကြတဲ့သူတွေရှိတယ်။ အမတို့ကတော့ ဈေးအခြေအနေကို ခဏစောင့်ကြည့်နေလို့ မရောင်းသေးဘူး” လို့ ပြောပါတယ်။

ရန်ကုန်၊ ဘုရင့်နောင် ကုန်စည်ဒိုင်ဈေးကွက်ဈေးနှုန်းအရ မတ်ပဲ ၁ တန်ကို ပြီးခဲ့တဲ့ သီတင်းတပတ်က ကျပ် ၃,၂၇၅,၀၀၀ ပဲရှိခဲ့ပေမယ့် ဒီနေ့ဈေးနှုန်းကတော့ မတ်ပဲ ၁ တန်ကို ကျပ် ၃,၄၅၅,၀၀၀ အထိရှိလာပြီး ၁ ပတ်အတွင်း ၁ တန်ကို ကျပ် ၁၈၀,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပါတယ်။

အိန္ဒိယမှာ ပဲလိုအပ်ချက်မြင့်များနေပြီး မြန်မာနိုင်ငံက မတ်ပဲကို အဓိကထား ဝယ်ယူနေတဲ့အတွက် မတ်ပဲအသစ် ပေါ်တဲ့အချိန်မှာ ပြည်တွင်းမတ်ပဲဈေး စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်တယ်လို့ မတ်ပဲရောင်းဝယ်တဲ့ ကုန်သည်တယောက်က ပြောပါတယ်။

“တချို့နေရာတွေမှာ မတ်ပဲအသစ်တွေ ပေါ်နေပေမယ့် မတ်ပဲဈေးက တဖြည်းဖြည်း တက်လာတယ်။ အိန္ဒိယဘက်က မတ်ပဲ တောက်လျှောက် ဝယ်နေလို့ တက်နေတာ ထင်တယ်။ အရင်နှစ်တွေက တနှစ်မှ တတင်းကို ၁ သိန်းမကျော်ဖူးဘူး။ ဒီနှစ် ဒီဈေးကတော့ စံချိန်တင်ဈေးနှုန်းပဲ။ ဒီထက် ဈေးတက်ဖို့ရှိနိုင်လားဆိုတာက ပြောဖို့ နည်းနည်းစောသေးတယ်။ အခြေအနေစောင့်ကြည့်ရပါဦးမယ်” လို့ ပြောပါတယ်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံက မတ်ပဲနဲ့ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို လာမယ့် ၂၀၂၅၊ မတ် ၃၁ ရက်နေ့အထိ သက်တမ်းတနှစ်တိုးထားပြီး မြန်မာနိုင်ငံက ပဲတင်သွင်းရာမှာလည်း အခွန်ကင်းလွတ်ခွင့် ပေးထားပါတယ်။

အခုနှစ် ၂၀၂၄ အစမှာလည်း မြန်မာနိုင်ငံက မတ်ပဲ တန်ချိန် ၁ သန်းနဲ့ ပဲစင်းငုံတန်ချိန် ၄ သန်းကို ဝယ်ယူတင်သွင်းသွားမယ်လို့ အိန္ဒိယအစိုးရက ကြေညာထားပါတယ်။

မတ်ပဲကို ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အများဆုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှာလည်း မိုးသီးနှံအဖြစ် စိုက်ပျိုးကြပါတယ်။

၂၀၂၁-၂၂ စာသုံးသူရေးရာဦးစီး​ဌာနစာရင်းအရ ပြည်တွင်းမှာ မတ်ပဲစိုက်ဧက ၂၂ သိန်း လောက်ရှိပြီး အထွက်နှုန်း တင်းသိန်းပေါင်း ၄၁၀ ကျော် ထွက်ရှိတယ်လို့ စစ်ကောင်စီရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013