DVB Logo
Home
Lead Story
အလုပ်လုပ်သူများသာ ထမင်းစားရမည်
DVB
·
January 27, 2024
အလုပ်လုပ်သူများသာ ထမင်းစားရမည်
Donate to DVB

၁၉၁၇ ဖေဖော်ဝါရီတွင် ပထမကမ္ဘာစစ်ကြောင့် စစ်ပန်းနေပြီဖြစ်သော ရုရှားစစ်သားများက ဇာဘုရင် နီကိုလက်စ် ၂ ကို စိန့်ပီတာစဘက်မှ မောင်းထုတ်လိုက်ကြသည်။ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာစေရန် လမ်းရှင်းပေးလိုက်ခြင်းဖြစ်သည်။

မတ်လတွင် ဇာဘုရင် နန်းစွန့်ပြီးနောက် ကိုယ်စားပြုဒီမိုကရေစီ ပေါ်ပေါက်လာရန် လစ်ဘရယ်တို့က မျှော်လင့်ခဲ့ကြသည်။ သို့သော် ရုရှားစစ်ဗိုလ်ချုပ်ကြီး လာဗာ ကော်နီလော့ဗ်က ကြားဖြတ်အစိုးရကို ဖြုတ်ချရန် ကြံစည်ခဲ့သည်။ သို့သော် မအောင်မြင်ခဲ့။ ယင်းကဲ့သို့ အခြေအနေများက ဖင်လန်နိုင်ငံတွင် ပြည်ပြေးဘဝရောက်နေသော ဗလာဒီဗာလီနင်ကို တွန်းအားပေး လှုံ့ဆော်စေခဲ့ပါသည်။

ဘော်လ်ရှီဗစ်တို့ အာဏာသိမ်းခြင်း

ယခုအခါ ရုရှားသို့ပြန်ရန် အခွင့်အခါကောင်းဟု လီနင်က ဆုံးဖြတ်ခဲ့သည်။ ထို့နောက် သူ့နောက်လိုက်များ စုစည်းပြီး အောက်တိုဘာတော်လှန်ရေး၌ ဦးဆောင်သူအဖြစ် ပါဝင်လာခဲ့သည်။ ဂျာမန်လူမျိုး ကားလ်မာ့က်စ်၏ ကွန်မြူနစ်ဝါဒကို ယုံကြည်သူဖြစ်ရာ ပစ္စည်းမဲ့ အာဏာရှင်အယူအဆကို လီနင်က အကောင်အထည်ဖော်ခဲ့သည်။ ထိုအယူအဆအရ ပစ္စည်းမဲ့ (ဝါ) အလုပ်သမားလူတန်းစား၏ အာဏာကို ဘူဇွာတို့၏ ဥပဒေများဖြင့် ကန့်သတ်ထားမှုကို ဖယ်ရှားပစ်ရမည်။ တနည်းဆိုရသော် ဘူဇွာလူတန်းစား၏ ဥပဒေများကို ဖျက်သိမ်းပစ်ရမည်ဟု လီနင်က ယုံကြည်ခဲ့သည်။

အောက်တိုဘာ၂၅ (ဂရီဂိုရီယမ်ပြက္ခဒိန်အရ နိုဝင်ဘာ၃) ရက်နေ့တွင် ဘော်လ်ရှီဗစ်တို့ အာဏာသိမ်းခဲ့ကြသည်။ ထို့နောက် မဆိုင်းမတွပင် တပ်နီတော်နှင့် KGB ခေါ် ဆိုဗီယက် လျှို့ဝှက်ရဲအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပြည်တွင်းစစ်ကာလအတွင်း ၁၉၁၈ နွေဦးရာသိီတွင် ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအသစ်တခုကို ရေးဆွဲခဲ့ကြသည်။ ၁၉၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အလုပ်သမားလူတန်းစား၏ တိုင်းပြည်အုပ်ချုပ်မှုကို အသိအမှတ်ပြုခဲ့သော ပထမဆုံးဖွဲ့စည်းပုံ ဖြစ်၏။ ဤသို့ဖြင့် ရုရှားနိုင်ငံမှာ ပထမဆုံး ဆိုရှယ်လစ်နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် အာဏာ အပြန်အလှန်ထိန်းကျောင်းသည့် စနစ်ကို လီနင်က ထည့်သွင်းစဥ်းစားခဲ့ခြင်းမရှိ။ တော်လှန်ရေးစီမံချက်တခု အနေဖြင့်သာ ရည်ရွယ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်မှာ လူလူချင်း ခေါင်းပုံဖြတ်ခြင်းကို ဖျက်သိမ်းရန်၊ လူတန်းစား လူ့အဖွဲ့အစည်း တည်ရှိမှုကို ဖျက်သိမ်းရန်၊ ခေါင်းပုံဖြတ်သူများကို ဖိနှိပ်ရန်၊ ဆိုရှယ်လစ်လူ့အဖွဲ့အစည်း တည်ဆောက်ရန်တို့ပဲ ဖြစ်ကြသည်။ ဆိုဗီယက်ဆိုသည့် ကောင်စီအဆင့် အသီးသီးမှတဆင့် အလုပ်သမား၊ လယ်သမားများက တိုင်းပြည်ကို အုပ်ချုပ်သွားရန် ဖြစ်သည်။ ဆိုဗီယက်(soviet)ဆိုသည်မှာ ရုရှားပြည်မှ ပေါ်ပေါက်လာသော စစ်သားနှင့် အလုပ်သမား ကိုယ်စားလှယ် ကောင်စီများကို ဆိုလိုခြင်းဖြစ်သည်။

အစပိုင်းတွင် ဆိုဗီယက်များမှာ အားလုံးအပေါ် ပွင့်လင်းသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဘူဇွာများကို ကောင်စီများ၊ အစိုးရအဖွဲ့အစည်းများတွင် ပါဝင်ခွင့်မပေးခဲ့ကြပေ။ ထို့ပြင် တော်လှန်ရေးကို ဆန့်ကျင်သည့် တပ်ဖြူကို အားပေးခြင်းများကိုလည်း တားမြစ်ခဲ့သလို တပ်နီတော်ထဲသို့ ဝင်ရန်မှာ စစ်သားနှင့် အလုပ်သမားများတာဝန်ဖြစ်ကြောင်း ပြဋ္ဌာန်းပေးခဲ့သည်။ ၁၉၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဇာဘုရင်၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှု နေရာတွင် ရုရှားကွန်မြူနစ်ပါတီ၏ အာဏာရှင်စနစ်ဖြင့် ပြောင်းလဲ အစားထိုးလိုက်ခြင်းသာ ဖြစ်သည်။ လူတဦးချင်းစီအတွက် လူ့အခွင့်အရေးကို အာမခံချက်များကိုလည်း ထိုဖွဲ့စည်းပုံတွင် ထည့်သွင်းမထားပေ။

ရုရှားကွန်ဂရက်ကို ရွေးကောက်ခံ အလုပ်သမား၊ လယ်သမား၊ စစ်သားများနှင့် ဖွဲ့စည်းထားသည်ဟု ဆိုသည့်တိုင် တကယ့်လက်တွေ့မှာတော့ ကွန်မြူနစ်ပါတီ၏ လက်ညှိုးထောင် ခေါင်းညိတ် အမတ်များသာ ဖြစ်ကြသည်။ အာဏာအမြင့်ဆုံးအဖွဲ့အစည်း ဖြစ်သည့် ဗဟိုကော်မတီက နိုင်ငံအကြီးအကဲကို ရွေးချယ်ပြီး အမိန့်ဒီဂရီများ ထုတ်ပြန်သည်။ ကွန်ဂရက်က ရွေးကောက်သော နိုင်ငံ့ဝန်ထမ်းများကလည်း အမိန့်ဒီဂရီများ ထုတ်ပြန်ပြီး အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူ ဆောင်ရွက်ကြသည်။

၁၉၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နောင်တချိန် ကွန်မြူနစ်ကမ္ဘာ၌ (ဥပမာ- ဘယ်လာရုစ်၊ တရုတ်၊ ကျူးဘား၊ တာ့ခ်မင်နစ္စတန်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်လိုနိုင်ငံများ) အတွက် ဖွဲ့စည်းပုံဆိုင်ရာ စည်းမျဥ်းများကို ချမှတ်ပေးခဲ့သလို ဆိုဗီယက်ပြည်ထောင်စုအစိုးရ အတွက်လည်း ၇၃ နှစ်ကြာ မူဘောင်တခုကို ပြဋ္ဌာန်းပေးနိုင်ခဲ့သည့် ဖွဲ့စည်းပုံတခုလည်း ဖြစ်ပေသည်။

သပြေညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013