DVB Logo
Home
Lead Story
မင်းအောင်လှိုင်နာရေး မဘသ အခါပေးလိုက်တာလား
DVB
·
January 26, 2024
မင်းအောင်လှိုင်နာရေး မဘသ အခါပေးလိုက်တာလား
Donate to DVB

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရခဲ့ခြင်းက မြန်မာနိုင်ငံတွင်း လူမျိုး၊ ဘာသာ အစွန်းရောက် ပြဿနာကို စစ်အုပ်စု မီးမွှေးဖို့ရာ အဓိက စေ့ဆော်ခဲ့ပုံပါပဲ။

နှစ်များစွာကြာ အကန့်အသတ်တွေရဲ့ကြား အချုပ်အနှောင်တွေရဲ့ကြား လွတ်လပ်စွာ ဖွံ့ဖြိုးခွင့် မရှိခဲ့တဲ့ NLD ပါတီဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ရာမှာ တကြိမ်ဆို တကြိမ်ဆိုသလောက် ၉၉ ရာခိုင်နှုန်းလောက်ရှိတဲ့ အနိုင်ရလဒ်က စစ်အုပ်စုကို မျက်ဖြူဆိုက်စေခဲ့တယ်။

ဒုတိယအာဏာရှင် သန်းရွှေက အင်မတန်ထက်ရှလှတဲ့ အာဏာအား၊ ငွေအား ၂ ရပ်စလုံးနဲ့ သူတည်ထောင်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကို အချိန်တိုအတွင်း အင်အားကြီးသယောင် ဖန်တီးနိုင်ခဲ့ပေမဲ့ NLD ပါတီနဲ့ ယှဉ်လိုက်မယ်ဆိုရင် လူထုထောက်ခံမှုဆိုတာ မိုးနဲ့မြေပမာ ကွာနေမှန်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲရလဒ်က သက်သေပြခဲ့တယ်။

ပြောရရင် NLD ပါတီကို ရိုးသားစွာ ယှဉ်ပြိုင် အနိုင်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ အဲဒီအချိန်ကတည်းက တည့်တည့်တွေးရဲတဲ့ စစ်အုပ်စုဝင်တွေ သဘောပေါက်ခဲ့တယ်။ ဒါ့ကြောင့် အာဏာရှင်တို့ လက်ကိုင်ပြုနေကျ လူမျိုး၊ ဘာသာ၊ သာသနာ လူပြိုန်းကြိုက် အောက်လမ်းနိုင်ငံရေးကို စစ်အုပ်စု ပျိုးထောင်ခဲ့တယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာကစလို့ လူမျိုး၊ ဘာသာ ပဋိပက္ခအဖြစ် ရခိုင်ရိုးမကိုကျော်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းအထိ မီးမွှေးခဲ့ကြတယ်။ ဒေသခံတွေလည်းမဟုတ်၊ ဘယ်ကမှန်းမသိတဲ့ လူမျိုး၊ ဘာသာ အသွင်ယူ ကြေးစားတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တချို့ကို မီးလောင်တိုက်သွင်းရင်း လူမျိုး ဘာသာ အခြေပြု အကြမ်းဖက်မှုတွေကို အဆီးအတားမဲ့ ပြုလုပ်ကာ အရှိန်မြှင့်ခဲ့ကြတယ်။

ပထမ ၉၆၉ လှုပ်ရှားမှု၊ အဲဒီကနေတဆင့် ဗုဒ္ဓဘာသာကို နိုင်ငံတကာအလယ် အရှက်တကွဲ အကျိုးနည်းစေခဲ့တဲ့ မဘသအဖွဲ့။ အဲဒီနောက် မဘသအဖွဲ့ရဲ့ ကျပ်မပြည့်တဲ့ အမျိုးစောင့်ဥပဒေကို ပြည်ခိုင်ဖြိုးကြီးစိုးတဲ့ လွှတ်တော်နဲ့ အစိုးရက အတည်ပြုပေးခဲ့ပြီး အပြန်အလှန်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရေးအတွက် မဘသ ဘုန်းကြီးတွေက အတိအလင်း လုံ့လစိုက်ပေးခဲ့တယ်။

၂၀၁၅ ရွေးကောက်ပွဲနား နီးတဲ့အချိန်မှာ အမျိုးစောင့်ဥပဒေ အောင်ပွဲခံတရားပွဲ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံအနှံ့ မဘသဘုန်းကြီးတွေဟာ ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ တရားဟောပလ္လင်ထက်ကနေ လိမ်ညာ ဝါဒဖြန့် အောက်တန်းကျခြင်းများစွာနဲ့ လူမျိုးဘာသာ အခြေပြု ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ အပုပ်ချပွဲကို လှိုင်လှိုင်ကြီး ပြုလုပ်တော့တယ်။

ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်က NLD ပါတီ ပြတ်သားစွာ အနိုင်ရရှိ။ ပြည်ခိုင်ဖြိုး အစိုးရပြုလုပ်တဲ့ ရွေးကောက်ပွဲ၊ သမ္မတသိန်းစိန်ရဲ့ သူငယ်ချင်း တင်အေးက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမို့ NLD ပါတီ အာဏာအားကိုး မဲလိမ် မဲခိုးပါတယ်ဆိုပြီး လက်ညှိုးထိုးလို့မရ။ အဲဒါနဲ့ စစ်အုပ်စုဝင်တွေ ရာသက်ပန် အာဏာရရှိရေးအတွက် ရည်ရွယ်ခဲ့တဲ့ သန်းရွှေ ဖော်စပ်ချက် စစ်တပိုင်းဒီမိုကရေစီဟာ ပြည်သူ့လက်ထဲသို့ အာဏာထိုးအပ်လိုက်ရ။ စစ်အုပ်စုဝင်တွေနဲ့အပြိုင် မဘသ တို့ကလည်း ဆတ်ဆတ်ခါ နာခဲ့ပေမဲ့ ခေါင်းငိုက်စိုက်ခဲ့ရတယ်။

NLD အစိုးရတက်ပြီး သိပ်မကြာလိုက်ပါဘူး။ NLD အစိုးရလက်ထက် တိုင်းပြည်မတိုးတက်စေရေး ဘက်ပေါင်းစုံ ခြေထိုးခံကြဖို့ စစ်အုပ်စုဝင်တွေက မဟာဗျူဟာမြောက် ဖော်ဆောင်တော့တယ်။ အဲဒီပရောဂျက်ကို ဦးဆောင်သူက အဲဒီကာလ သန်းရွှေခန့် တပ်ချုပ် မင်းအောင်လှိုင် ဖြစ်မယ်လို့ ထင်ရပါတယ်။

ဘာလို့လဲဆိုတော့ အစဉ်လိုက် သမ္မတရာထူးယူဖို့ သန်းရွှေရဲ့ ညွှန်ကြားခဲ့မှုမှာ သိန်းစိန်ပြီးရင် သူရဦးရွှေမန်း၊ ပြီးတော့ မင်းအောင်လှိုင်လို့ သတင်းထွက်ပေါ်ခဲ့တယ်မဟုတ်လား။ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းမှုစွဲချက်နဲ့ စစ်အုပ်စုပြင်ပ လွင့်စင်သွားခဲ့ပြီ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာသာ စစ်အုပ်စု အနိုင်ရခဲ့ရင် သမ္မတရာထူးကို မင်းအောင်လှိုင် မှန်းနိုင်တာကြောင့် တိုင်းပြည်မတိုးတက်စေရေး မင်းအောင်လှိုင် အားစိုက်မှာ ဧကန်ပါပဲ။

သွားရိုးသွားစဉ်အရ မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် ပထမ ၆ လပိုင်းအတွင်း ပင်စင်ယူရတော့မှာမို့ တပြိုင်နက်ဆိုသလို သမ္မတတက်လုပ်လိုက်ချင်တာ မင်းအောင်လှိုင်ရဲ့ အရူးတပိုင်းအိပ်မက်ဖြစ်ကြောင်း နောက်ပိုင်းဖြစ်ရပ်တွေကလည်း သက်သေခံနေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး NLD အပြတ်သားဆုံး အနိုင်ရပြီးနောက် အရူးမီးဝိုင်း မင်းအောင်လှိုင်က သူ့ကို သမ္မတခန့်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ထံ လူလွှတ်တောင်းဆိုတာ၊ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်လိုက်တာနဲ့ အာဏာသိမ်းပြီးပြီးချင်း မကြာ သမ္မတအိမ်တော်ပေါ် အမြန်တက်နေတာတို့ကို ကြည့်ရင် မင်းအောင်လှိုင် ဘယ်လောက်ထိ သမ္မတရူးသလဲဆိုတာ ပေါ်လွင်နေပါတယ်။

NLD အစိုးရလက်ထက် တိုင်းပြည်မတိုးတက်စေဖို့ ဘက်ပေါင်းစုံ ခြေထိုးခံပရောဂျက်ကို ပြန်ကောက်ရမယ်ဆိုရင် လူမျိုး၊ ဘာသာ အစွန်းရောက် မဘသဟာ အဲဒီပရောဂျက်မှာ အဓိကကျတဲ့ နယ်ရုပ်ကလေးတွေအဖြစ် အသုံးတော်ခံခဲ့ရ၊ ဒံပေါက်တထုပ်နဲ့ ၅,၀၀၀ စား မြို့ပြမှာ လူမျိုး၊ ဘာသာ အခြေပြု အဓိကရုဏ်းတွေ ဖန်တီးနေတဲ့ အကြမ်းဖက်သမားတွေအဖြစ် ထင်ရှားခဲ့ပါတယ်။ မဘသတွေဟာ စစ်အုပ်စုပစ်ကျွေးတဲ့ ငါးပြား၊ ဆယ်ပြားလောက်နဲ့ ဘာခိုင်းခိုင်းလုပ်မယ်ဆိုတဲ့ ကျေးကျွန်တွေအဖြစ် NLD အစိုးရ သက်တမ်းတောက်လျှောက် အကြမ်းဖက်မှုတာဝန် ကျေပွန်ခဲ့ကြပါတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တော့ မဘသတွေက လက်သီးလက်မောင်းတန်း ထောက်ခံခဲ့ကြပေမဲ့ သူတို့ကို စစ်တပ်က ခိုင်းစရာအလုပ် မရှိတဲ့အတွက် အဖက်လုပ်ခြင်း မခံရပါဘူး။ ဒေသတွင်း PDF တွေကို တန်ပြန်ဖို့အတွက် ပျူစောထီးတွေ ဖွဲ့စည်းတဲ့ အချိန်မှာတော့ ပျူစောထီးထဲဝင်တဲ့ မဘသတွေဟာ ပြည်သူ့ဥစ္စာ လုယက်ခွင့်ရကာ အတန်အသင့် အလုပ်ဖြစ်လာကြပါတယ်။ ကန့်ဘလူ၊ ကျွန်းလှ ခွင်က ဝါသဝ ဆိုရင် သင်္ကန်းဝတ် လက်နက်ကိုင်အဖြစ် ဒီနေ့ထိတိုင် နာမည်ဆိုးနဲ့ ထင်ရှားနေပါတယ်။ ပျူစောထီးထဲ မဝင်ရဲတဲ့ မဘသတွေကိုတော့ စစ်အုပ်စုက အဖက်တောင်မလုပ်ပါဘူး။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ၁၀၂၇ စစ်ဆင်ရေးကို အကြောင်းပြုပြီး တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်တဲ့အခါကျမှသာ မသုံးတာကြာပြီဖြစ်တဲ့ မဘသနဲ့ အစွန်းရောက် မျိုးချစ်တွေကို စစ်အုပ်စုက ပြန်သုံးတာ တွေ့ရပါတယ်။ တရုတ်လို အိမ်နီးချင်း အင်အားကြီး နိုင်ငံကို ဆန္ဒပြတယ်ဆိုတာ မင်းအောင်လှိုင် မခိုင်းဘဲ ဘယ်သူမှ မလုပ်ရဲဘူးဆိုတာ နောက်တလှမ်း ဆက်တွေးစရာမလိုဘဲ အားလုံးသိရှိပြီး ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ MNDAA တပ်ဖွဲ့ဝင်တဦးက စေတီတဆူကို တူနဲ့ထုတဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်တဲ့ မဘသနဲ့ တပ်ထောက်ခံသူတွေရဲ့ ဘာသာရေးမှိုင်းတိုက် ဆန္ဒပြပွဲများ။ ဇန်နဝါရီ ၁၆ ရက်၊ ပြင်ဦးလွင်မှာပြုလုပ်တဲ့ မဘသနဲ့ တပ်ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲမှာတော့ မင်းအောင်လှိုင်ကိုပါ ကာချုပ်ရာထူးကနေ ဆင်းပေးဖို့ အော်ဟစ်တောင်းဆိုတာတွေ ဖြစ်လာပါတော့တယ်။

ဆန္ဒပြပွဲခေါင်းစဉ်က MNDAA ရှုတ်ချပွဲနဲ့ စစ်တပ်ထောက်ခံပွဲလို့ ဆိုပေမဲ့ မဘသအဖွဲ့ဝင် ပျူစောထီးခေါင်းဆောင် အရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော် ဆိုသူက ‘ဘုရားဒကာကြီး ဆင်းပေးပါ’ ဆိုပြီး အော်ဟစ် တောင်းဆိုခဲ့ရာမှာ မဘသနဲ့ တပ်ထောက်ခံသူတွေက လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်ထောက်ခံခဲ့ကြပါတယ်။

မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၃၀ ဝန်းကျင်နဲ့ စစ်တပ်စခန်းပေါင်း ၅၀၀ လောက် တော်လှန်ရေးအင်အားစုလက်ထဲ ထိုးအပ်လိုက်ရရုံတင်မက စစ်သားတွေ ထောင်ချီ သောက်သောက်လဲ လက်နက်ချ အညံ့ခံ၊ အိန္ဒိယရောက်တဲ့အထိ စစ်သားတွေ ထွက်ပြေးနေကြတဲ့အချိန်မှာ မင်းအောင်လှိုင် မွေးထားတဲ့ မျောက်တွေက မင်းအောင်လှိုင်ကို အာဏာအရှိဆုံးနေရာ ကာချုပ်ရာထူးကနေ ဆင်းခိုင်းခြင်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်က စစ်တပ်နဲ့မဆိုင်တဲ့ အရပ်ဘက်ရာထူးယူ၊ စိုးဝင်းကို ကာချုပ်ရာထူးအပ်လို့ အော်ဟစ်လိုက်ခြင်းက တိုက်တိုင်းရှုံးနေတဲ့ မင်းအောင်လှိုင်ရဲ့ ညံ့ဖျင်းမှုလို့ လက်ညှိုးထိုးလိုက်ခြင်း ဖြစ်ပါတယ်။ မင်းအောင်လှိုင်လို ဓားထက်လှတဲ့ မတရား အာဏာနံပါတ်တစ်ကို မလောက်လေး မလောက်စား မဘသအဖွဲ့ဝင်၊ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင်တဦးက သူ့သဘောနဲ့သူ ဆန္ဒမပြရဲဘူးဆိုတာ အားလုံးက အလွယ်သိကြမှာပါ။

ဒီစစ်တပ်ကြီး ပြိုရင် လက်ရှိ စစ်ဗိုလ်ချုပ်တွေတင်မက တချိန်က တိုင်းပြည်ကို ဒုက္ခပေး သိုက်တူးခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေပါ ဒုက္ခရောက်မယ့်ကိန်းမို့ မင်းအောင်လှိုင်ကို ဖယ်၊ စိုးဝင်း တင်မယ်ဆိုတဲ့ အုပ်စုက ခြေတလှမ်း စလှမ်းလိုက်ခြင်းများလား၊ ဒါမှမဟုတ် မင်းအောင်လှိုင်နဲ့ စိုးဝင်းကြား သူတို့ကို မလိုလားတဲ့ စစ်အုပ်စုဝင်တွေက ရန်တိုက်ပေးခြင်းများလားလို့ အတွေးပွားနိုင်ပါတယ်။

သေချာတာက အပြင်ရန်ရဲ့ တိုက်ခိုက်မှုအောက်မှာ မျက်ဖြူလန်နေတဲ့ မင်းအောင်လှိုင်အတွက် အတွင်းရန်တွေကလည်း အတင့်ရဲလာပြီဖြစ်ကြောင်း သက်သေပြချက်လည်း ဖြစ်ပါတယ်။ အပြင်ရန်မှာ အရေးနိမ့်နေခြင်းနဲ့အတူ စစ်အုပ်စုတွင်း ထောက်ခံမှု ကျဆင်းနေတဲ့ မင်းအောင်လှိုင်အတွက် အတွင်းရန်ရဲ့ အလဲထိုးခြင်း ခံရတော့မလား ဆိုတာကိုလည်း စောင့်ကြည့်ရပါတော့မယ်။

ထွန်းလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013