DVB Logo
Home
နိုင်ငံတကာ
စိတ်ကြွဆေး ၁၂ သန်းသယ်ခဲ့သည့် ပြိုင်ကားမောင်းသမားကို ထိုင်းရဲက ပြိုင်ကားဖြင့် လိုက်လံ ဖမ်းဆီး 
DVB
·
January 25, 2024
စိတ်ကြွဆေး ၁၂ သန်းသယ်ခဲ့သည့် ပြိုင်ကားမောင်းသမားကို ထိုင်းရဲက ပြိုင်ကားဖြင့် လိုက်လံ ဖမ်းဆီး 
Donate to DVB

ထိုင်းမြောက်ပိုင်း နယ်စပ်ဘက်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို စိတ်ကြွ မူးယစ်ဆေးပြားပေါင်း  ၁၂ သန်း သယ်ဆောင်လာခဲ့တဲ့ ပြိုင်ကားမောင်းသမား တယောက်ကို ထိုင်းရဲက ပြိုင်ကားနဲ့ လိုက်လံ ဖမ်းဆီးနိုင်ခဲ့တယ်လို့  ဇန်နဝါရီ ၂၄ ရက် ညပိုင်း 3 Plus News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့အပတ်က ထိုင်းမြောက်ပိုင်း နခွန်းဆဝမ်ခရိုင် ဖယုဟဆီရီမြို့နယ်ထဲမှာ လူငယ် ၂ ဦးထံက စိတ်ကြွဆေးပြားပေါင်း ၆ သန်းခွဲကို ဖမ်းဆီးရမိပြီးတဲ့နောက် ကွင်းဆက်တွေ ဆက်လက်စုံစမ်းစစ်ဆေးရာမှာ နိုင်းနာ့ဿ်ဖုန်းဆိုသူ ပြိုင်ကားမောင်းသူတယောက်ဟာ ထိုင်းမြောက်ပိုင်းနယ်စပ်ကနေ မူးယစ်ဆေးဝါးတွေ အငှါးသယ်ဆောင်ပေးနေတယ်လို့ သတင်းရခဲ့တယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်း‌‌ရေး ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဆီရီဆဒ်ဆီ တွန့်တျန်ဝမ်းချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။ 

မူးယစ်ရဲတပ်ဖွဲ့ဝင်တွေဟာ ၂၄ ရက်မနက်က ထိုင်းအရှေ့မြောက်ပိုင်း ခွန်ကဲန်ခရိုင်ကနေ သူ့နောက်ကို နောက်ယောင်ခံလိုက်ဖမ်းရာမှာ ကားမောင်းအလွန်ကျွမ်းကျင်ပြီး အရှောင်အတိမ်း တော်တဲ့အတွက် ရဲဘက်က နောက်ထပ်ပြိုင်ကားနဲ့ လိုက်လံဖမ်းဆီးခဲ့ရပြီး ကီလိုမီတာပေါင်း ၂၅၀ ကျော် မောင်းနှင်ပြီးကာမှ  နခွန်းရာ့ချ်ဆီမားခရိုင် ဆီခယူးမြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တာလို့ ချနယ်လ် ၇ တီဗွီသတင်းမှာ ဖော်ပြပါတယ်။

တာဝန်ရှိသူတွေ သင်္ကာမကင်းမဖြစ်အောင်၊ စစ်ဆေးမှုမရှိအောင် သူ့ရဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ  ၁၂ နှစ်ရွယ် ကလေးတယောက်ပါ တင်ဆောင်လာကြောင်း၊  ကလေးရဲ့ အဖေနဲ့အမေဟာလည်း အဲဒီကားနောက် မလှမ်းမကမ်းကနေ မောင်းလာခဲ့ပြီး နိုင်းနာ့ဿ်ဖုန်းရဲ့ကားကို ဖမ်းမိတော့ ကလေးမိဘတွေရဲ့ကားကလည်း တခြားလမ်းဘက်ကနေ ရှောင်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဟိုင်းလပ်စ်ကားနောက်ခန်းမှာ ဆာလာအိတ်ပေါင်း ၆၀ အိတ် အပြည့်တင်ဆောင်လာပြီး မိုးကားနဲ့ လွှားထားကြောင်း၊ တာဝန်ရှိသူတွေက စစ်ဆေးရာမှာတော့ အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၁၂ သန်းကို တွေ့ရှိတာလို့ ဆိုပါတယ်။ 

သူဟာ ဒီမတိုင်ခင်ကလည်း မူးယစ်ကုန်သည်တွေဆီကနေ အခကြေးငွေယူပြီး နယ်စပ်က မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံအတွင်းပိုင်း၊ တောင်ပိုင်းဒေသတွေဆီ သယ်ဆောင်ပေးနေ ကျဖြစ်ကြောင်း၊ တကြိမ်လျှင် ၁၀ သန်းကျော်  သယ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မနှစ် ၂၀၂၃ ဒီဇင်ဘာ ၁၉ ရက်က နခွမ်းဆဝမ်မှာဖမ်းမိတဲ့ စိတ်ကြွဆေး ၃ သန်း ၂ သိန်း၊ ဒီနှစ်ထဲ နခွန်းဆဝမ်မှာ ထပ်မိတဲ့  ၆ သန်းခွဲ၊ ပရကျုပ်ခီရီခန်မှာ ဖမ်းမိတဲ့ ၁ သန်း ၆ သိန်းတို့ဟာ ကွန်ရက်တခုတည်း ဖြစ်တယ်၊ ဒီကွင်းဆက်မှာ ပါဝင်ပတ်သက်သူ စုစုပေါင်း ၁၅ ဦးရှိတယ်၊ အဓိက ကြိုးကိုင်သူမှာ ပရာကျင်းပူးရီးခရိုင်မှ အွန်းဆိုသူနဲ့ လာအိုနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေတဲ့ နိုင်းချူဝစ် ဆိုသူတို့ ဖြစ်တယ်၊ ဂိုဏ်းတခုလုံးကို ဆက်လက်စုံစမ်းဖမ်းဆီး အရေးယူသွားမယ်လို့ ထိုင်းမူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ဆီရီဆဒ်ဆီက ပြောပါတယ်။ 

SOURCE/PHOTO-CH3 Plus

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013