DVB Logo
Home
မြန်မာသတင်း
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ပြန်လွှတ်ပေးရန် နိုင်ငံတကာရုပ်ရှင်အဖွဲ့များ တောင်းဆို
DVB
·
January 25, 2024
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ပြန်လွှတ်ပေးရန် နိုင်ငံတကာရုပ်ရှင်အဖွဲ့များ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ ထောင်ဒဏ် တသက်ချမှတ်ခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ဥရောပအခြေစိုက် နိုင်ငံတကာ ရုပ်ရှင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

အန္တရာယ်ကျရောက်နေသော ရုပ်ရှင်ဖန်တီးသူများအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ( ICFR ) က ရှင်ဒေဝီရဲ့ ကျန်းမာရေးအတွက် အလေးအနက် စိတ်ပူတဲ့အကြောင်းနဲ့ ရှင်ဒေဝီနဲ့ရော မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်အတွက် ရပ်တည်နေသူတွေ အားလုံးနဲ့ပါ အတူရပ်တည်တယ်လို့ ဇန်နဝါရီ ၂၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒီဗွီဘီရဲ့ ရုပ်သံသတင်းထောက်ဟောင်းလည်းဖြစ်၊ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာလည်းဖြစ်တဲ့ ရှင်ဒေဝီကို စစ်ခုံရုံးကနေ ဇန်နဝါရီ ၁၁ ရက်မှာ  အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ၅၄ (ဃ)နဲ့ တရားစွဲဆိုခဲ့ပြီး ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရှင်ဒေဝီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ရိုက်ကူးရေး ဒရုန်းတခုကို အွန်လိုင်းကနေ မှာယူပြီး ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဝင်းမှာ သွားရောက်ယူဆောင်ချိန် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရှာဖွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ကြောရေးမှာ နှစ်ပတ်ကြာခန့် စစ်ဆေးခံခဲ့ရပြီး အင်းစိန်ထောင်ကို ပြောင်းရွှေ့ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်မှာတော့ ထောင်ထဲက စစ်ခုံရုံးကနေ ထောင်ဒဏ် တသက်ချမှတ်လိုက်တာ ဖြစ်ပြီး သူ့ရဲ့အမှုကို တံခါးပိတ်စစ်ဆေးနေစဉ် ကာလအတွင်း ရှေ့နေခေါ်ယူ  ခုခံချေပခွင့်လည်း မရခဲ့ပါဘူး။

ရှင်ဒေဝီရဲ့ မိသားစုဝင်တစ်ဦးက “သူ ပုံမှန်အတိုင်းလေး သူ့အလုပ်တွေ ဆက်လုပ်နေတာကို ကျနော်တို့ မိသားစုက မြင်ချင်ပါတယ်။ သူ အိမ်ပြန်လာမယ့်အချိန်ကိုလည်း တမ်းတမ်းတတ မျှော်လင့်နေကြတာပါ” လို့ပြောပါတယ်။

ရှင်ဒေဝီဟာ ကျောင်းသူဘဝမှာကတည်းက ၁၉၈၈ ခုနှစ်အရေးအခင်းမှာ ပါဝင်ခဲ့တာတွေကြောင့် ၁၉၉၀ ပြည့်နှစ်မှာ ထောင်တလ နဲ့ ၁၉၉၁ ခုနှစ်မှာ တနှစ် ကျခံခဲ့ရဖူးပါတယ်။

ဒီဗွီဘီသတင်းဌာနမှာ ရုပ်သံသတင်းထောက်အဖြစ် ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ လုပ်ကိုင်ခဲ့တဲ့ ရှင်ဒေဝီဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအကြောင်း မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ပါတယ်။

မှတ်တမ်းရုပ်ရှင်တွေများစွာ ရိုက်ကူးခဲ့တဲ့ ရှင်ဒေဝီဟာ မြန်မာနိုင်ငံက လူမှုရေးနဲ့ နိုင်ငံရေးပြဿနာ တွေကို နိုင်ငံတကာကသိအောင် ချပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ရှင်ဒေဝီရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တွေထဲမှာ မန္တလေးအနီး ဧရာဝတီမြစ်ကမ်းဘေးက မင်းကွန်းရွာသား ပန်းချီဆရာ ရာဟုလာ အကြောင်း ရိုက်ကူးထားတဲ့ “AN UNTITLED LIFE” လည်းတခု အပါအဝင် ဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန် စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေအကြောင်း ရှင်ဒေဝီ ရိုက်ကူးခဲ့တဲ့  "Take Me Home"  မှတ်တမ်းရုပ်ရှင်ဟာလည်း ၂၀၁၃  ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုရှိခဲ့ပါတယ်။

မန္တလေးက ဖော်တော်ဦးဘုန်းကြီးကျောင်းပညာရေးရိုက်ကူးထုတ်လုပ်ခဲ့တဲ့ “A BRIGHT FUTURE” ဟာလည်း ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ “Art of Freedom Film Festival” မှာအကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင်  ဆင်းရဲလို့ ပညာမသင်ရတဲ့  မြန်မာမိန်းကလေးငယ်တယောက် အကြောင်း ရိုက်ကူးထားတဲ့ ‘Now I’m Thirteen’   မှတ်တမ်းရုပ်ရှင်ဟာလည်း  မလေးရှားနိုင်ငံမှာ ကျင်းပတဲ့  ၂၀၁၄   Kota Kinabalu  နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ  ဒုတိယ ငွေဆု ရရှိခဲ့သလို ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။

ကမ္ဘာတဝန်းရှိ ရုပ်ရှင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ ရှင်ဒေဝီအတွက်  ပါဝင်လှုပ်ရှား တောင်းဆိုပေးကြဖို့နဲ့ သူရိုက်ကူးခဲ့တဲ့ ‘Now I’m Thirteen’   မှတ်တမ်းရုပ်ရှင်ကို မျှဝေလို့ ရသမျှ နေရာတိုင်းမှာ မျှဝေပေးကြဖို့ နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

ICFR အဖွဲ့နဲ့အတူ ပူးပေါင်းထုတ်ပြန်တောင်းဆိုခဲ့တဲ့ နိုင်ငံတကာ ရုပ်ရှင်အဖွဲ့အစည်းတွေထဲမှာ နယ်သာလန်အခြေစိုက် International Documentary Film Festival Amsterdam နဲ့ International Film Festival Rotterdam ၊ ဂျာမနီအခြေစိုက်  The European Film Academy တို့ ပါဝင်ပါတယ်။

Source/Photo: ICFR

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013