DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက နေလှန်းဆားလုပ်ငန်းများ အရှုံးပေါ်နေ
DVB
·
January 25, 2024
ဧရာဝတီတိုင်းက နေလှန်းဆားလုပ်ငန်းများ အရှုံးပေါ်နေ
Donate to DVB

ဧရာဝတီတိုင်းက နေလှန်းဆားလုပ်ငန်းတွေမှာ အရှုံးပေါ်နေတာကြောင့် ဒီနှစ် ဆားရာသီ အစမှာပဲ လုပ်ငန်းတွေပြန်လုပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ နေလှန်းဆားထုတ်လုပ်တဲ့ လုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှာ စတင်လုပ်ကိုင်ကြပေမဲ့ ဒီနှစ်မှာတော့ အထွေထွေအကျပ်အတည်းတွေကြောင့် လက်ရှိအချိန်အထိ မလုပ်နိုင်ဘဲ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် ရာသီဥတုဖောက်ပြန်ပြီး ဆားကွင်းဖျက်မိုးတွေ ကြုံတာ၊ စစ်တပ်က အာဏာသိမ်းခဲ့ကြောင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ဆားလုပ်ငန်းမှာ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် အရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ကြရပြီး ဒီနှစ် ဆားရာသီအစမှာလည်း လုပ်သားခ ဈေးတက်လာတာ၊ စက်သုံးဆီဈေးတက်တာ၊ ဆားဝယ်လက်တွေ လျော့သွားတာ၊ ဆားကွင်းတွေမှာ လူစုလူဝေး မလုပ်ရဲတာ စတဲ့ အကြောင်းအရင်းတွေနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ထပ်မံ ရင်ဆိုင်နေရတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ငပုတောမြို့နယ်မှ ဆားလုပ်ငန်းရှင်တယောက်က “ဆားဈေးကလည်း အကျဘက်မှာပဲရှိတယ်။ အခု ပိဿာ ၁၀၀ ကို ၂ သောင်းပဲရှိတယ်။ အရင်က ပိဿာ ၁၀၀ ကို ၄၅,၀၀၀ အထိရှိခဲ့တယ်။ မနှစ်က ဆားလုပ်ငန်းရာသီစတင်တဲ့ အချိန်မှာလည်း မုန်တိုင်းဒဏ်ကြောင့် ဆားတွေ အပြည်အဝ မကျုံးခဲ့ရဘူး။ ကျုံးလို့ရခဲ့တဲ့ ဆားတွေကလည်း သဘာဝဘေးဒဏ်ကြောင့် အရည်အသွေးမကောင်းဘူး။ မနှစ်က တရာသီ ဆားပိဿာချိန် ၇ သိန်းလောက်မှန်းခဲ့တာ ၃ သိန်းလောက်ပဲထွက်တော့ အဲ့ဒီမှာပဲ ရှုံးနေပြီ။ ဒီလို အခက်အခဲ ကြုံနေရတာကလည်း ၂ နှစ်ဆက်တိုက် ဖြစ်နေပြီ။ အရှုံးနဲ့ပဲ ရင်ဆိုင်နေရတာ။ အကျိုးအမြတ်က ရတဲ့နှစ်ကို မရှိဘူး။ အခုလည်း လုပ်ငန်းစတင်ရတော့မှာ စက်သုံးဆီဈေးနဲ့ တခြား အထွေထွေကုန်ကျစရိတ်တွေ တွက်ကြည့်တာ အဆင်ပြေဘူး။ ကုန်ကျစရိတ်က ပိုများနေတယ်။ အရှုံးနဲ့ ထပ်ရင်ဆိုင်နေရတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ငပုတောမြို့နယ်က ကျေးရွာ ၂၀ ကျော်နဲ့ လပွတ္တာမြို့နယ်က ကျေးရွာ ၂၀ လောက် ဆားလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး နေလှန်းဆား လုပ်ငန်းဟာ မိရိုးဖလာအလုပ်တခု ဖြစ်တာကြောင့် အရှုံးခံပြီး လုပ်ကိုင်နေခဲ့ပေမဲ့ ဒီနှစ်မှာတော့ ထပ်ပြီး အရှုံးမခံနိုင်တော့တာကြောင့် လုပ်ငန်းတွေ ရပ်နားတော့မယ်လို့ လပွတ္တာမြို့နယ်က ဆားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ကျမတို့ ဒီနေလှန်းဆားလုပ်ငန်းက မိရိုးဖလာ လုပ်ငန်းတခုပါ။ အတတ်နိုင်ဆုံး အရှုံးအမြတ် မကြည့်ဘဲ လုပ်ခဲ့တာ၊ အခုနှစ်တော့ ဘယ်လိုမှ မတတ်နိုင်တော့လို့ ရပ်နားလိုက်တော့မယ်။ အရင်နှစ်တွေ ၂ နှစ်ဆက်တိုက် ၁ နှစ်ကို သိန်း ၂၀ လောက် အရှုံးရှိခဲ့တယ်။ ဒီလောက်အရှုံးရှိလာတော့ မိရိုးဖလာလုပ်ငန်းလည်း မဖက်တွယ်နိုင်တော့ဘူး။ နိုင်ငံရေးကြောင့် ဆားဝယ်လက်တွေကလည်း အရင်ကလောက် မသုံးကြတော့ဘူး။”

ဆားကို အဓိကဝယ်ယူအသုံးပြုတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းတွေဘက်ကလည်း သူတို့လုပ်ငန်းတွေမှာ ကိုဗစ်-၁၉ ရောဂါနဲ့ စစ်တပ်အာဏာသိမ်းတဲ့ ဖြစ်စဉ်တွေကြောင့် ထိခိုက်နေလို့ လုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ အရင်ကလောက် အသုံးမပြုတော့ဘူးလို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ နေလှန်းဆား ဧကသိန်းချီရှိပြီး ထွက်ရှိလာတဲ့ နေလှန်းဆားတွေကိုတော့ ဆားလုပ်တဲ့နှစ်တွေမှာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့ရောင်းချနေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013