DVB Logo
Home
မြန်မာသတင်း
သီပေါဒေသခံ ၂ ဦး မိုင်းနင်းမိ၊ တန့်ဆည်ရွာသား ၁ ဦးကို စစ်တပ်ကသတ်ဖြတ်၊ လက်နက်ကြီး ကြောင့် ဖားကန့်ဒေသခံ ၁ ဦး ဒဏ်ရာရ
DVB
·
January 25, 2024
သီပေါဒေသခံ ၂ ဦး မိုင်းနင်းမိ၊ တန့်ဆည်ရွာသား ၁ ဦးကို စစ်တပ်ကသတ်ဖြတ်၊ လက်နက်ကြီး ကြောင့် ဖားကန့်ဒေသခံ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ တုံစင့်ရွာ - ကုံးစုံရွာလမ်းမှာ ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီခွဲလောက်က ဒေသခံ ၂ ယောက် မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသမီတဦးက ပြောပါတယ်။ 

"၂၃ ရက် ညနေ ၅ နာရီခွဲက ဖြစ်သွားဝာာ။ ခရီးသည် မဟုတ်ဘူး၊ မြို့ထဲကပဲ။ ရွာဘက်လည်း အိမ်ရှိလို့ သွားတာ။  သမီးရည်းစားတွေ" လို့ ပြောပါတယ်။ 

ယောက်ျားလေးက ခြေထောက်ပြတ်သွားပြီး မိန်းကလေးက မျက်နှာနဲ့ ခြေထောက် အနည်းငယ် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

နိုင်ငံအနှံ့ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်ကြရာမှာ နှစ်ဖက်လုံး မိုင်းထောင်တာ တွေရှိတဲ့အတွက် ဒေသခံတွေ မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်းကလည်း သီပေါမြို့နယ်၊ မိုးတေတံတားအနီး‌ ကားလမ်းမ‌ပေါ်မှာ ကားတစီးမိုင်းထိပြီး ကားသမားဒဏ်ရာရခဲ့တဲ့အပြင် ကား‌ခေါင်းပိုင်းလည်း ပျက်စီးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ အက်တောရွာသား တယောက်နဲ့ နွား ၁၇ ကောင်ကို  တန့်ဆည်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်သားနဲ့ ပျူစောထီးအဖွဲ့ စုစုပေါင်း အင်အား  ၅၀  လောက်က ဇန်နဝါရီ ၂၄ ရက်မှာ သတ်ဖြတ်သွားတာလို့ ရွာသားတွေက ပြောပါတယ်။

အက်တောရွာသားတဦးက “သူတို့ ဇန်နဝါရီ ၂၄ ရက် မနက် ၁ နာရီက ရွာထဲကနေ စစ်ကြောင်းထွက်သွားတယ်။ ကျနော်တို့ ရွာထဲဝင်တော့ နေခင်း ၁၂ နာရီခွဲလောက်။ သူတို့ သတ်ဖြတ်သွားတာ တွေ့ခဲ့ရတာ။ သတ်တာကလည်း အဲဒီ ဇန်နဝါရီ ၂၄ ရက် စစ်ကြောင်း ပြန်ထွက်ရင်းမှ သတ်သွားတာလို့ ယူဆရတယ်”လို့ ဆိုပါတယ်။ 

အက်တောရွာသား တယောက်နဲ့ နွားတွေကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းဟာ ကန့်ဘလူမြို့ ၆၀၀၆ အမြောက်တပ်ကနေလာတဲ့ စစ်ကြောင်းလို့လည်း ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက စွပ်စွဲပြောဆိုပါတယ်။

ABSDF အဖွဲ့ဝင် တဦးက  “ငတန်း‌ရွာနဲ့ ရွှေလန်အက်တောရွာကြားမှာ တိုက်ပွဲဖြစ်ကြသေးတယ်။ အခု မဆိုင်ဘဲ အက်တော ရွာထိပ်မှာ ဦးကျော်ရင် (၆၅နှစ်) ကို သတ်သွားတယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာမှာလည်း ဇန်နဝါရီ ၂၂ ရက် မနက်က စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အမျိုးသားတယောက် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကာမိုင်း -လဝါး လမ်းပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

လဝါးဒေသခံ အမျိုးသားတဦးက “မနက် ၁၀ နာရီလောက်က ကာမိုင်းဗျူဟာကုန်းကနေ လဝါးဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေတာ။ လက်နက်ကြီးမှန်တဲ့သူက လဝါးဘက်ကနေ ကာမိုင်းကိုလာရင်း မဂေါင်တောင်ရွာအနီးမှာ ပေါင်ကို လက်နက်ကြီး မှန်သွား တာ” လို့  ပြောပါတယ်။

လက်နက်ကြီးကျည်ကြောင့် ဦးအင်ခွန်ဇော်လွမ်ဟာ ပေါင်မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ပြီး အတူလိုက်ပါလာတဲ့ လဝါးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျန်မော်နောင်လတ်ကိုလည်း ကာမိုင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၀ ရက်ကလည်း ကာမိုင်း စစ်ဆေးရေးဂိတ်အနီးမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ယာဉ်မောင်း ကိုမိုက်မိုက် ဆိုသူ သေဆုံးခဲ့ပြီး အတူလိုက်ပါလာသူ အမျိုးသား တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013