DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်ရှိ စစ်ကောင်စီတပ်ရင်းများ တပြိုင်တည်း ဘက်ပြောင်းရန် သဘောတူညီမှု ရထား
DVB
·
January 24, 2024
ကရင်နီပြည်ရှိ စစ်ကောင်စီတပ်ရင်းများ တပြိုင်တည်း ဘက်ပြောင်းရန် သဘောတူညီမှု ရထား
Donate to DVB

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်ရင်းတွေ တပြိုင်တည်း စုပေါင်းဘက်ပြောင်းဖို့ ကနဦး ညှိနှိုင်းသဘောတူညီချက်တွေ ရထားပြီလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ဇန်နဝါရီ ၂၄ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်ထဲမှာ တပြိုင်တည်း စုပေါင်းဘက်ပြောင်းတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်နေပြီး စစ်ကောင်စီတပ်ရင်းတချို့က တာဝန်ရှိသူတွေနဲ့ ဘက်ပြောင်းရေးနဲ့ ပတ်သက်လို့ ကနဦး ညှိနှိုင်းသဘောတူညီမှုတွေ ရထားပြီဖြစ်လို့ မကြာခင် မြို့နယ်တချို့မှာ တပ်ရင်းအလိုက် ဘက်ပြောင်းတာတွေ အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတယောက်က “မြေပြင်မှာ ညှိနှိုင်းနေတယ်ပေါ့။ ဒီအစီအစဉ်တွေအတိုင်း ကရင်နီပြည်နယ်တဝန်း ဖြစ်လာခဲ့မယ်ဆိုရင်တော့ ၃ နှစ်လုံးလုံး အပြင်းအထန် တိုက်ခိုက်ခဲ့ကြတဲ့ ကရင်နီလို စစ်မြေပြင်ဟာ သွေးထွက်သံယိုမှု နည်းနည်းနဲ့ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ ရည်မှန်းချက်အတွက် နောက်တဆင့် တက်လှမ်းနိုင်တဲ့ အခြေအနေမျိုးလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ နှစ်လယ်နောက်ပိုင်းမှာ ကရင်နီပြည်ကို စစ်ဆင်ရေးလုပ်ဖို့ ရောက်လာတဲ့ တပ်မ ၆၆၊ တပ်မ ၅၅ လက်အောက်က စစ်ကောင်စီတပ်ရင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တန်ပြန်တိုက်ခိုက်တာတွေကြောင့် တပ်ရင်းလိုက် ထိခိုက်ကျဆုံးလို့ တပ်မတွေ ဖွဲ့စည်းပုံပျက်ပြီး အင်အားချည့်နဲ့နေတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

၁၁.၁၁ စစ်ဆင်ရေးအတွင်း အဲဒီတပ်မတွေက လှုပ်ရှားစစ်ကြောင်းတွေ၊ စစ်ကူ စစ်ကြောင်းတွေလည်း ထပ်မံချေမှုန်းခံရလို့ အများအပြားသေဆုံးပြီး လက်နက်ချ အညံ့ခံသူတွေနဲ့ ဖမ်းဆီးခံရသူဦးရေ ရာဂဏန်းနီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတပ်မတွေက တပ်ရင်းတွေဟာ ကရင်နီပြည်ထဲမှာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်တာ၊ ပြည်သူ့အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သူတွေဖြစ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက အပြီးသတ်ချေမှုန်းဖို့ ယတိပြတ် မူဝါဒ ချမှတ်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ တိုက်ပွဲနယ်မြေတွေအတွင်း လက်နက်ချ အညံ့ခံသူတွေကို စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာဥပဒေတွေနဲ့အညီ ကောင်းကောင်းမွန်မွန် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။

ဘက်ပြောင်းလာမယ့်သူတွေကိုလည်း ဘက်ပြောင်းရေးအစီအမံအရ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး အထူးအကျိုးခံစားခွင့်တွေနဲ့ သူတို့ရဲ့ လက်ရှိ ရာထူးရာခံတွေအတိုင်း တော်လှန်ရေးအစိုးရဘက်မှာ တာဝန်ပြန်ထမ်းဆောင်ဖို့ စီမံဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ထဲက ခြေမြန်၊ ခြေလျင်နဲ့ အမြောက်တပ်ရင်းတွေဟာ နယ်မြေခံတပ်ရင်းတွေ ဖြစ်ပြီး ကရင်နီပြည်ထဲမှာ နှစ်ရှည်လများ မိသားစုတွေနဲ့အတူ အခြေချ နေထိုင်လာတာကို ထောက်ထားပြီး ကရင်နီပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်ဖို့နဲ့ တပ်ရင်းအလိုက်၊ မိသားစုအလိုက် ကရင်နီပြည်သူ့ဘက်ကို ဘက်ပြောင်းဖို့လည်း အထူးတိုက်တွန်းထားပါတယ်။ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း ဘက်ပြောင်းရေးအစီအမံကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ဒုတိယပတ်မှာ ထုတ်ပြန်ထားခဲ့ပြီး လုံခြုံရေးအာမခံချက် ပေးတဲ့အကြောင်း၊ ဆုငွေပေးမယ့် အစီအစဉ်နဲ့ ရှေ့ဆက် ဘဝထူထောင်ခွင့် စတာတွေကို ကတိပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013